သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရမ်းဗြဲတွင် လျှပ်စစ်ဝါယာရိန်း သင်တန်းဖွင့်လှစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 10k

ဇော်ဝင်းဌေး (ငခူးချောင်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် UNDP ၏ ပ့ံပိုးကူညီဖြင့် မြို့နယ်စီမံကိန်းရေးဆွဲရေးကော်မတီနှင့် ကျေးလက် ဒေသဖွံ့တိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ပြီး သက်မွေးဝမ်းကြောင်း အထောက်အကူပြု လျှပ်စစ်ဝါယာရိန်း သင်တန်းဖွင့်လှစ်ခဲ့သည်ဟု သိရှိရသည်။

အလုပ်အကိုင်အခွင့်အလမ်းများရှာဖွေလာနိုင်ရန်နှင့် အသက်မွေးဝမ်းကြောင်း အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ် ရခြင်းဖြစ်သည်ဟု  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်ထွန်းက နိရဥ္စရာသို့ ပြောသည်။

“ အဓိကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ  ရှာဖွေလာနိုင်ဖို့ဖွင့်လှစ်တာပါ။ နောက်ပြီးတော့ ကျေးလက် ဒေသတွေမှာ လျှပ်စစ်တွေသွယ်တန်းနေပြီဆိုတော့ လျှပ်စစ်နဲ့ပတ်သက်တဲ့ဗဟုသုတလေး ရှိနေရင်တော့ ပိုကောင်းမယ် ထင်ပါတယ်” ဟု ပြောသည်။

သင်တန်းကို ကိုဗစ်စည်းကမ်းချက်နှင့်အညီ သင်ကြားပို့ချနိုင်အောင် စီစဉ်ထားကြောင်းလည်း ဦးအောင်ထွန်းက ဆက်ပြောသည်။

“ လက်ရှိမှာ ကိုဗစ်ကလည်း ဖြစ်နေတယ်။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ သင်ကြားနိုင်အောင် စီစဉ်ပေးထားပါတယ်”ဟု ပြောသည်။

သင်တန်းတွင်သင်တန်းသားဦးရေ ၅ဝ ဦး သင်ကြားမည်ဖြစ်ရာ သင်တန်းခန်းတစ်ခုလျှင် ၂၅ ဦးစီ ခွဲခြားသင်ကြားပေးမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းများနှင့် အညီ သင်ကြားပေးမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

သင်တန်းကို ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပိတ်ရက်မရှိ ၁၅ ရက်ကြာသင်ကြားပို့ချနေကြောင်းလည်း သိရသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့သင်တန်းဖွင့်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမူး ဦးခင်မောင်သန်း၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ