စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တိုက်ပွဲများရပ်နေသည့်ကာလ ပြည်သူများစိတ်အပန်းပြေစေရန်ရည်ရွယ်ချက်ဖြင့် ရသေ့တောင်မြို့တွင် ရိုးရာပြိုင်လောင်းပွဲ(လှေပြိုင်ပွဲ)ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 1.6k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇန်နဝါရီ ၉/ ၂ဝ၂၁

၂ နှစ်တာခန့် ဖြစ်ပွားနေသော ရခိုင်စစ်ပွဲများ ရပ်တန့်နေပြီးနောက် ဒေသခံပြည်သူများ စိတ်အပန်းပြေစေရန် ရည်ရွယ်ချက်ဖြင့် ရသေ့တောင်မြို့တွင် ရိုးရာပြိုင်လောင်းပွဲ ( လှေပြိုင်ပွဲ) တစ်ခုကို ဇန်နဝါရီ ၈ ရက်နေ့မှ စတင်ပြီး ကျင်းပနေသည်ဟု သတင်းရရှိသည်။

၎င်းပြိုင်လောင်းပွဲကို ဇန်နဝါရီ ၈ ရက်နေ့မှ ၁ဝ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြိုင်ပွဲကျင်းပရေးကော်မတီမှ ကိုဘက္ကာက “ ဒီပြိုင်ပွဲဟာ အစ်ကိုတို့ အဖေတို့ ငယ်ငယ်က ကျင်းပခဲ့ပြီး ပျောက်ဆုံးနေတာ နှစ်ပေါင်း ၂၃နှစ်လောက်ရှိပြီလို့ သိရတယ်။ အခုအစ်ကိုတို့ လက်ထက်မှာ ပြန်လည်ဖော်ထုတ်ကျင်းပတာ ဖြစ်ပါတယ်။ မိမိတို့ရိုးရာကို ဖော်ထုတ်တာဖြစ်သလို တစ်ဖက်မှာလည်း စစ်ပွဲတွေကြောင့် လူတွေစိတ်ကျဉ်းကျပ်မှုဖြစ်နေရာကနေ စိတ်အပန်းပြေစေဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပရတာ ဖြစ်ပါတယ်” ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

ယခု ပြိုင်လောင်းပွဲတွင် ထူးခြားသည်မှာ အမျိုးသားများသာမ အမျိုးသမီးများပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိကြောင်း၊ အမျိုးသားအဆင့် ပြိုင်ပွဲတွင် လူပေါင်း ၅ဝဝ ခန့်လာရောက်ယှဉ် ပြိုင်ခဲ့ကြောင်း၊  ဇန်နဝါရီ ၈ ရက်နေ့မှ ၁ဝ ရက်နေ့ထိ ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ အခု ပျောက်ကွယ်နေတဲ့ ရိုးရာလှေပြိုင်ပွဲ ကျင်းပခွင့်ရလို့ ဝမ်းသာတယ်။ ထူးထူးခြားခြား အမျိုးသမီးပြိုင်ပွဲဝင်တွေလည်း ပါဝင်လာတယ်။ မြို့နယ်တစ်ခုလုံးက လာကြတယ်။ အားပေးကြတာလည်း တစ်မြို့လုံးပဲ” ဟု ပြိုင်ပွဲကျင်းပရေးကော်မတီမှ ကိုဘက္ကာက ပြောကြားသည်။

ပြိုင်လောင်း (လှေပြိုင်ပွဲ) တွင် အသင်း ၁၅ သင်းလာရောက်ပြိုင်ကြပြီး တစ်သင်းတွင် လူအနည်းဆုံး ၂၅ ဦးခန့်ပါဝင်ယှဉ်ပြိုင်ခွင့်ရကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် တိုက်ကြက်အသင်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သူကို ဇော်ဦးက “ သိပ်ပျော်ဖို့ကောင်းပါတယ်။ ဒီလိုပျောက်ဆုံးနေတဲ့ ကျွန်တော်တို့ရဲ့ရိုးရာပွဲကို ပြန်ကျင်းပခွင့်ရလို့ပါ။ ကျွန်တော်တို့ တစ်သင်းနိုင်ခဲ့ပါတယ်။ နောက်တစ်သင်းဆီမှာ ရှုံးခဲ့တယ်။ နောက်ဆုံးနေ့မှာ ပထမဆု ဒိုင်းကို လုရမှာ။ တစ်မြို့နယ်လုံးလာကြည့်ကြတယ်”ဟုပြောသည်။

ပြိုင်ပွဲကို ရသေ့တောင်မြို့ ချောင်းအတွင်းတွင် ပြုလုပ်ခြင်း ဖြစ်ပြီး ရသေ့တောင်မြို့ချောင်း အဝင်ဝမှ ပေ ၁ဝဝဝ ခန့်အကွာအဝေးသို့ အရောက် ပြိုင်လှေ နှစ်စီးဖြင့် အကြိတ်အနယ် သူနိုင်ကိုယ်နိုင် ပြိုင်ဆိုင်ရခြင်း ဖြစ်ကြောင်းသူက ဆက်ပြောသည်။

ရသေ့တောင်မြို့နယ်သည် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားရာ မြို့နယ်များထဲက တစ်ခုဖြစ်ပြီး လက်ရှိအချိန်ထိ မြို့ပေါ်တွင် သောင်းနှင့်ချီရှိသည့် စစ်ဘေးရှောင်များ ရောက်ရှိခိုလှုံနေကြဆဲဖြစ်သည်။ ယခုပြိုင်လောင်းပွဲက မွန်းကျပ်နေသည့် စစ်ဘေးရှောင်များအားလည်း စိတ်ထွက်ပေါက်ရစေမည်ဖြစ်ပြီး စိတ်အပန်းလည်းပြေစေမည် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။  

ဆက်စပ် သတင်းများ