သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်မှ မြို့နယ်တချို့တွင် PSI စလောင်းများကို ဖြုတ်ချရန် ညွှန်ကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 3.5k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊မေ / ၂၀၂၁

 

ရခိုင်ပြည်နယ်မှ မြို့နယ်တချို့တွင် တပ်ဆင်ထားသော PSI စလောင်းများကို ဖြုတ်ချရန်နှင့် ထပ်မံ မတပ်ဆင်ကြရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

 

ကျောက်ဖြူမြို့တွင်လည်း တပ်ဆင်ထားသော PSI စလောင်းများကို ဖြုတ်ချရန်နှင့် မတပ်ဆင်ကြရန် ညွှန်ကြားထားကြောင်း သတင်းရရှိသဖြင့် ကျောက်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးချမ်းမြေ့စောသို့ ဆက်သွယ်ရာ ဟုတ်မှန်ကြောင်း ၎င်းက အတည်ပြု ပြောကြားသည်။

 

PSI စလောင်းတွေကို ဖြုတ်ခိုင်းရတာက အထက်က ညွှန်ကြားတဲ့ ွက် ဖြုတ်ခိုင်းရခြင်း ဖြစ်ပါတယ်ဟု ပြောသည်။

 

ကျောက်ဖြူမြို့တွင် ပြီးခဲ့သော ရက်ပေါင်း ၂၀ ခန့်ကတည်းက PSI စလောင်းများအား ဖြုတ်ပေးကြရန် ကြေညာသွားသည်ဟု ကျောက်ဖြူမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက ပြောသည်။

 

 ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက မြို့ကိုပတ်ပြီးတော့ အသံချဲ့စက်နဲ့အော်တယ်။ မြို့မှာတော့ ဖြုတ်ထားတဲ့သူတွေကလည်း ဖြုတ်ထားကြတယ်။ မဖြုတ်တဲ့သူတွေကလည်း မဖြုတ်ကြသေးဘူး။ဟုပြောသည်။

 

အင်တာနက်အားဖြတ်တောက်ထားသည့်အပြင် PSI စလောင်းများအား ဖြုတ်ခိုင်းသည်မှာ ယခု မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ပတ်သက်၍ အများပြည်သူ မသိရှိစေရန်အတွက် ရည်ရွယ်ဖြတ်တောက်ခြင်းဖြစ်နိုင်ကြောင်း ဦးဖိုးစံက သုံးသပ်ပြောဆိုသည်။

 

အမ်းမြို့နယ်တွင်လည်း PSI စလောင်းများအား ဖြုတ်ပေးကြရန် ညွှန်ကြားထားသည်ဟု အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။

 

သံတွဲမြို့နယ်တွင် ပြည်သူများ အသုံးပြုနေသည့် PSI စလောင်းများအား ဖြုတ်ချခြင်း မရှိသေးသော်လည်း စစ်တပ်ပိုင် တန်းလျားနေအိမ်များအပေါ်တွင် တပ်ဆင်ထားသည့် ၎င်းစလောင်းများကို ဖြုတ်ချမှု ရှိနေသည်ဟု မျက်မြင်သံတွဲ ဒေသခံ တစ်ဦးက ပြောသည်။

 

တရားမဝင် ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်များကို တပ်ဆင်အသုံးပြု ဖမ်းယူကြည့်ရှုမှုများ ပြုလုပ်ပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများအား မသိနားမလည်စွာ ကျူးလွန်ဖောက်ဖျက်ရာ ရောက်မိတတ်ပါကြောင်း၊ ထောင်ဒဏ် ၁နှစ်၊ ဒဏ်ငွေ ၅သိန်း အစရှိသည့် ဗီဒီယိုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ