ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

DMG သတင်းဌာနမှ သတင်းထောက်နှစ်ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့်တရားရုံးကဆင့်ခေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 9.1k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၁၁/ ၂၀၂၁

 

ရခိုင်အခြေစိုက် Development Media Group (DMG) သတင်းဌာနမှ တပ်မတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသော သတင်းထောက်နှစ်ဦးအား  တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သည်ဟု DMG သတင်းဌာန၏ Operation Manager ကိုဇော်ဇော်က ပြောသည်။

 

မနေ့က ညနေပိုင်းလောက်မှာ ရဲစခန်းက ဖုန်းဆက်လာတယ်။ တရားရုံးကို ဆင့်ခေါ်စာ ရောက်တယ်ဆိုပြီးတော့။ ကျနော်တို့ကတော့ အစတုန်းက စွဲထားတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ပေါ့။ အဲဒီအမှုနဲ့ ထင်တယ်။ ပြန်ပြီးတော့ ကျနော်တို့ မေးကြည့်တော့ ရဲစခန်းမှာ စွဲထားတဲ့အမှု မဟုတ်တော့ဘူး။ တရားရုံးမှာ ဦးတိုက်လျှောက်ထားတဲ့ ၅၀၅ (က) အမှုနဲ့ တရားရုံးက ဆင့်ခေါ်တာ ဖြစ်တယ်ဟုပြောသည်။

 

၅၀၅ (က) အမှုဖြင့် တရားစွဲဆိုခံရသူ သတင်းထောက်နှစ်ဦးမှ DMG သတင်းဌာနမှ ဒု-တာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့ဖြစ်ကြပြီး ခရီးလွန်နေသဖြင့် လက်ရှိအချိန်ထိ ၎င်းတို့ နှစ်ဦးမှာတရားရုံးသို့ သွားရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

DMG သတင်းဌာနမှ ပြီးခဲ့သော ဇန်နဝါရီလ ၁၀ ရက်နေ့က ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ စပါးတောင်း (၇၀၀) ကို တပ်မတော်က ယူဆောင်သွားခေါင်းစဉ်ဖြင့် သတင်းရေးသား တင်ဆက်မှုကြောင့် ယခုလိုမျိုးအမှုဖွင့် တရားစွဲခံရခြင်းဖြစ်သည်။

 

သတင်းသမားများအား ကြီးလေးသော ဥပဒေပုဒ်မများမှာ တရားစွဲဆိုခြင်းမှာ မဖြစ်သင့်သော ကိစ္စဖြစ်သည်ဟု ကိုဇော်ဇော်က ဆက်ပြောသည်။

 

၆၆ (ဃ) ဆိုရင် ဖြစ်နိုင်သေးတယ်။ ဆက်သွယ်ရေး ဥပဒေတွေနဲ့ ငြိစွမ်းတယ်။ ဘာညာဆိုတော့ လက်ခံလိုရသေးတယ်။ အခု ၅၀၅ (က)ရာဇဝတ်အမှုနဲ့ စွဲလာတယ်ဆိုတော့ ဘယ်လိုခေါ်မလဲ တပ်မတော်ကို အကြည်အညိုပျက်စေတယ်ဆိုတဲ့ ပုစံမျိုးဖြစ်နေတာပေါ့။ ဒီလောက်ကြီးမားတဲ့ ပုဒ်မကြီးတွေနဲ့ စွဲဆိုလာတယ်ဆိုတော့ မဖြစ်သင့်တဲ့ ကိစ္စပေါ့။ သတင်းထောက်တွေအပေါ်မှာ ခြိမ်းခြောက်ရာရောက်တယ် ဟုပြောသည်။

 

၄င်းတို့နှစ်ဦးအား ပြီးခဲ့သော ဇန်နဝါရီ ၂၂ ရက်နေ့က ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နှင့် အမှုဖွင့်ထားခဲ့သည့်အပြင် ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း တပ်မတော်ကို အကြည်အညို ပျက်စေမှုပုဒ်မဖြင့်  စစ်တွေမြို့နယ် တရားရုံးမှာ ဗိုလ်မှူး ဘုန်းမြင့်ကျော်က ထပ်မံ ဦးတိုက် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကိုလည်း ပြီးခဲ့သော ၂၀၁၉ ခုနှစ် မတ်လ (၁၁) ရက်နေ့က သတင်းတပ်ဖွဲ့ (SB) က တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၂)နဲ့ စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားခဲ့သည်။

 

ယင်းအပြင် DMG သတင်းဌာန၏ မောင်တောအခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်း ကိုလည်း ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က လမ်းတံတားဦးစီးဌာနက တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မောင်တောမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားခဲ့သည်။

 

လက်ရှိအချိန်တွင် DMG သတင်းဌာနမှ အယ်ဒီတာနှစ်ဦး၊ သတင်းထောက်နှစ်ဦး စုစုပေါင်း ၄ ဦးတို့မှာ  အမှုဖွင့်ခံထားရသည်။

ဆက်စပ် သတင်းများ