စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်ရှိ ပုဂ္ဂလိကမီဒီယာများကို အစိုးရစောင့်ကြည့်စိစစ်နေမှုအပေါ် သတင်းသမားများဝေဖန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.9k

မင်းအဂ္ဂ၊ သျှင်မင်းဇံ
စစ်တွေ၊ စက်တင်ဘာ ၁၃ / ၂ဝ၂၁
ရခိုင်ပြည်နယ်ရှိ ပုဂ္ဂလိကသတင်းမီဒီယာများကို ပြည်နယ်အစိုးရက စောင့်ကြည့်စိစစ်နေမှုအပေါ် သတင်းသမားများက ဝေဖန်ပြောဆိုနေကြသည်။
ရခိုင်ပြည်တွင်းရှိ လွတ်လပ်သည့်ပုဂ္ဂလိကသတင်းမီဒီယာများကို ယခုနောက်ပိုင်း ပြည်နယ်အစိုးရက စောင့်ကြည့်စိစစ်နေမှုသည် သတင်းလွတ်လပ်ခွင့်မရှိဆိုသည်ကို ပြသလိုက်ရာရောက်သည်ဟု ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သော Western News သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ကိုထွန်းသာက ပြောသည်။
“သူတို့အနေနဲ့ တကယ်အသံစစ်၊ အသံမှန်ကို၊ သတင်းစစ်၊ သတင်းမှန်ကို ကြားချင်တယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ကို နောက်ပြန်ကြိုးတုပ်ပြီးတော့ မင်းဒါကို ပြောရမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲ လွတ်လွတ်လပ်လပ်သတင်းတွေကို လုပ်ပိုင်ခွင့်ပေးတာက ပိုပြီးတော့ ကောင်းမယ်ပေါ့လေနော။” ဟု နိရဥ္စရာသို့ ပြောသည်။
ယခုနောက်ပိုင်း ရခိုင်မှသတင်းဌာနများနှင့် ရခိုင်သတင်းသမားများကို စောင့်ကြည့်စိစစ်နေသည်ဟု ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်း၏ ပြောဆိုထားချက်များနှင့်ပတ်သက်ပြီး သတင်းသမားများက ယခုကဲ့သို့ ဝေဖန်နေကြခြင်းဖြစ်သည်။
ရခိုင်တွင် ဒေသအခြေစိုက် Narinjara သတင်းဌာန၊ Development Media Group (DMG)၊ Western News သတင်းဌာနနှင့် Boundary News Agency စသည့် သတင်းဌာနတို့ရှိကြသည်။ အွန်လိုင်းတွင် ရေးသားနေကြသည့် အခြား ရခိုင်ပုဂ္ဂလိက သတင်း Page အချို့လည်းရှိသည့်အပြင် ပြည်ပနှင့် ပြည်မအခြေစိုက် သတင်းဌာနများမှလည်း နယ်ခံသတင်းထောက်များရှိနေသေးသည်ဟု သိရသည်။
ထိုသတင်းဌာနများမှ သတင်းထောက်များကို ယခုနောက်ပိုင်း ပြည်နယ်အစိုးရက စောင့်ကြည့်နေသလို လက်ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ တရားဝင်အသိအမှတ်ပြုသတင်းဌာနများဟုတ်/မဟုတ်ကိုလည်း စိစစ်နေသည်ဟု ပြည်နယ်အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက နိရဥ္စရာကိုပြောဆိုထားသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ တရားဝင်အသိအမှတ်ပြုသတင်းဌာနဖြစ်မှသာ သတင်းအတည်ပြုချက်များကို ဖြေကြားသွားမည်ဟုလည်း ဦးလှသိန်းက ဆိုသည်။
“မီဒီယာကောင်စီမှာ သတင်းဌာနတစ်ခုအနေနဲ့ တကယ်ပါဝင်တဲ့အဖွဲ့တွေကို ငါတို့က လိုအပ်သလိုဆက်သွယ်မှာပေါ့ကွာ။ ဆက်သွယ်မယ်။ သတင်းစာရှင်းလင်းပွဲလုပ်ရင်ခေါ်မယ်။ အဲလိုမဟုတ်ဘဲနဲ့ ပုဂ္ဂလိက သဘောမျိုးဖြစ်တဲ့သတင်းဌာနတွေ၊ ကောင်စီနဲ့မဆိုင်တဲ့သတင်းဌာနတွေဆိုရင်တော့ ငါတို့က ပြန်စဉ်းစားရမယ်လေ။ ဘာမှအထိန်းအကွပ်မရှိဘဲ ငါတို့က ဖြေတဲ့အခါ ကောင်းကောင်းဖြေတယ်။ ပြန်ပြီးတော့ နှိပ်ကွပ်ဖို့လောက်ပဲ လုပ်တယ်ဆိုတာက အဆင့်အတန်း နည်းနည်းနိမ့်လွန်းတယ်။ အဲ့ဟာတွေကိုမဖြေတာ။ ပြည်ထောင်စုသတင်းမီဒီယာကောင်စီမှာ မှတ် ပုံတင်ထားသလား။ သတင်းမီဒီယာအဖြစ်ရပ်တည်တဲ့ဟာလား။ အဲလိုဆိုလို့ရှိရင် ငါတို့ သတင်းစာရှင်းလင်းပွဲမှာခေါ်မယ်။ ဖြေမယ်။ မေးရင်ဖြေမယ်။ ကျန်တဲ့ဟာတွေကိုတော့ ငါတို့စဉ်းစားသွားမယ်။”ဟု ပြောသည်။
ရခိုင်အခြေစိုက် Development Media Group (DMG) မှ Operation Manager ကိုဇော်ဇော်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင် မှတ်ပုံတင်ထားမှ မီဒီယာလားဟုမေးခွန်းထုတ်လိုက်သလို ပြည်နယ်အစိုးရက ဖြေကြားသည်ဖြစ်စေ၊ မဖြေကြားသည်ဖြစ်စေ သူတို့အနေဖြင့် လုပ်စရာရှိသည်ကို ဆက်လုပ်သွားမည်ဟု ပြောသည်။
“မှတ်ပုံတင်ထားမှ မီဒီယာလားပေါ့။ တကယ်ဆိုရင်။ အွန်လိုင်းမှာလုပ်နေတဲ့တခြားအဖွဲ့တွေအများကြီးရှိပါတယ်။ တခြား Website တွေ၊ အွန်လိုင်းမှာ page တွေ။ ဒါတွေလည်း မီဒီယာတွေပဲ။ ကျနော်တို့ဆိုလည်း လက်ရှိမှာ တရားဝင်လိုင်စင် ပြန်ပြီး ထုတ်မပေးထားတဲ့သတင်းဌာနပေါ့။ ဒါပေမဲ့ ကျနော်တို့ကတော့ ဆက်လုပ်နေမှာပဲ။ သူတို့ ဖြေတာ၊ မဖြေတာက တစ်ပိုင်းပေါ့လေ။ ဒါက ကျနော်တို့လုပ်စရာရှိတာတော့ ကိုယ်တို့လုပ်နေရမှာပဲ” ဟု ပြောသည်။
ရခိုင်မှသတင်းမီဒီယာသမားများအနေဖြင့် ယခုနှစ်၊ ဖေဖော်ဝါရီလအာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားပြီးချိန်မှ ဇူလိုင်လအထိ ပြည်နယ်အစိုးရထံမှ သတင်းအချက်များကို အလွယ်တကူရယူနိုင်ခဲ့ကြသော်လည်း သြဂုတ်လမှစတင်ကာ အစိုးရနှင့် တပ်ဘက်ဆိုင်ရာကိစ္စများနှင့်ပတ်သက်သည့်အတည်ပြုချက်များကို မရတော့ခြင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း မီဒီယာများကို လက်ခံဖြေကြားမှုမရှိတော့ခြင်း၊ ပြည်နယ်အစိုးရ၏ပြောခွင့်ရသူကလည်း သတင်းသမားများနှင့် ယခင်ကလို တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲကဲ့သို့ ပြုလုပ်ပေးမှုမရှိတော့ခြင်း၊ ၎င်းထံဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုမှုမရှိတော့ခြင်းနှင့် သတင်းများတွင် အသုံးအနှုန်း အရေးအသားများ ကန့်သတ်ခံနေရခြင်းတို့ကို ကြုံတွေ့လာနေရသည်ဟု သတင်းသမားများက ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကမူ
ရခိုင်ရှိသတင်းဌာနများအနေဖြင့် သတင်းမီဒီယာကောင်စီတွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိကို စိစစ်နေရသည့်အတွက် သတင်းထောက်များကို ယခင်ကလိုခေါ်ယူတွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲပုံစံလိုမျိုး မလုပ်နိုင်သေးခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) တွဲဖက်အတွင်းရေးမှူးဟောင်း ဦးမြင့်ကျော်က အစိုးရအနေဖြင့် သတင်းသမားများ၏မေးမြန်းမှုကို တု့ံပြန်ဖြေကြားမှုမရှိခြင်းကြောင့် ပြည့်စုံသည့်သတင်းဖြစ်လာရန် မလွယ်တော့သလို မီဒီယာက ဘက်လိုက်သည်ဟုလည်း မီဒီယာအပေါ် ဝေဖန်မှုများ ရှိလာနိုင်သည်ဟု ပြောသည်။
“မီဒီယာတွေကို ပြန်ပြီးမတုန့်ပြန်တာက သတင်းက ပြည့်စုံတဲ့ သတင်းဖြစ်လာဖို့ မလွယ်ဘူး။ အခက်အခဲတွေ အများကြီးရှိတယ်။ အဲဒီအခြေအနေမျိုးမှာ နောက်ဆက်တွဲ ဘက်လိုက်တဲ့ဆိုတဲ့ ဝေဖန်မှုတွေရှိတယ်။ အဲလိုအခြေအနေမျိုးကို အဖြေရှာဖို့ဆိုတာက တာဝန်ရှိသူတွေက ဖြေပေးရမယ်။ သူတွေက ဖြေကြားပေးတာက သဘာဝကျပါတယ်။ မဖြေကြားတဲ့ဟာက မီဒီယာက ကြားထဲမှာ ဓားစားခံဖြစ်မဲ့သဘောမျိုးပေါ့။ ရေးထားတဲ့ သတင်းကို မကြိုက်တဲ့အခါ မီဒီယာက သူတို့ကို မမေးထားဘူး။ သူတို့ အသံတွေ မပါဘူး။ ဒီကိစ္စက ဒီလိုကွဆိုပြီး အဲလိုစွပ်စွဲမှုတွေ ရှိလာနိုင်ပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ရှိ သတင်းဌာနများအနက် DMG သတင်းဌာနသည် ပြန်ကြားရေးဝန်ကြီးဌာနထံ လုပ်ငန်းလိုင်စင်သက်တမ်းထိုးထားမှုကို မရရှိဖြစ်နေသည့်အပြင် အမှုဖွင့်အရေးယူခံရမှုများနှင့် ကြုံတွေ့နေရသည့်သတင်းဌာနတစ်ခုဖြစ်သည်။
DMG ၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးအောင်မင်းဦးသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လ (၁၁) ရက်နေ့က စစ်တွေမြို့မရဲစခန်း၌ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၂)ဖြင့် အမှုဖွင့်ခံထားရသည်။
နောက်ပြီး DMG ၏ မောင်တောအခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်းလည်း ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မောင်တောမြို့မ ရဲစခန်းတွင် အမှုဖွင့်ခံထားရသည်။
အလားတူ အဆိုပါသတင်းဌာန၏ ဒု-တာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက်မနှင်းနွယ်တို့သည်လည်း နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)အပါအဝင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တို့နှင့် စစ်တွေမြို့ အမှတ် (၂)နယ်မြေ ရဲစခန်းတွင် ပြီးခဲ့သည့် မတ်လ ၂ ရက်က အမှုဖွင့်ခံထားရသည်။
ဓာတ်ပုံ - ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းနှင့် ရခိုင်သတင်းသမားများအချို့ ဇူလိုင်လ ၁၄ ရက်က တွေ့ဆုံခဲ့ကြစဉ်။

ဆက်စပ် သတင်းများ