ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

လျှပ်စစ်မီးပြတ်တောက်ချိန်များလာ၍ သတင်းဌာနများလည်း သတင်းတင်ပြရာတွင်အခက်ခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.9k

အေးမြတ်ခိုင်
နိရဥ္စရာ၊ မတ် ၁၀/၂၀၂၂
ယခုနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်ချိန်များလာနေ၍ သတင်းဌာနများတွင်လည်း အချိန်မှန် သတင်းတင်ပြရာ၌ အခက်ခဲဖြစ်နေကြကြောင်း သိရသည်။
လက်ရှိ ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုများရှိနေပြီး နေ့စဉ်လူမှုဘဝနှင့် စီးပွားလုပ်ငန်းများသာမက ပြည်သူလူထုကို အချိန်နှင့်တပြေးညီ သတင်းတင်ပြပေးနေသည့် သတင်းဌာနများတွင်လည်း အခက်ခဲဖြစ်လာနေကြောင်း သိရသည်။
လက်ရှိ ရခိုင်တွင်လည်း တစ်နေ့လျှင် ၁ဝ နာရီကျော်ခန့်ကြာ လျှပ်စစ်မီးပြတ်တောက်နေပြီး လျှပ်စစ်မီးပြတ်တောက်နေချိန်များတွင် မီးစက်ဖြင့် အလုပ်လုပ်ရန်လည်း စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် ရုပ်သံသတင်းများတင်ဆက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိနေပြီး အချိန်မှန်တင်ပြနိုင်မှုမရှိဖြစ်နေကြရကြောင်း သိရသည်။
ရခိုင်အခြေစိုက် Western News သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ဦးထွန်းသာက "မီးမလာလို့ ကျွန်တော်တို့လည်း ဘာမှလုပ်မရဘူး။ ဘာလို့ဆို သတင်းဌာနတွေအကုန်လုံးက လည်ပတ်နေတာ စက်ပစ္စည်းတွေ လျှပ်စစ်မီးနဲ့ပဲ လည်ပတ်နေရတာဖြစ်တယ်။ အပတ်စဉ်အစီစဉ်တွေ၊ ရုပ်သံသတင်းဆိုရင် တော်တော်များများ မထုတ်နိုင်တာတွေ အများကြီးရှိတယ်"ဟု ပြောသည်။
ရခိုင်အခြေစိုက် နိရဥ္စရာသတင်းဌာနမှ လက်ထောက်အယ်ဒီတာ ဦးမာန်ယုကျော်(ရွှေဝမြေ)ကလည်း ယခုအပတ်မှစတင်ကာ လျှပ်စစ်မီးများ ပုံမှန်ထက်ပိုမိုပြတ်တောက်ခြင်းနှင့် စက်သုံးဆီစျေးများ အဆမတန်မြင့်တက်လာခြင်းတို့ကြောင့် နေ့စဉ်ထုတ်လွှင့်နေသည့်ရုပ်သံအစီအစဉ်များကို ပုံမှန်ထုတ်လွှင့်နိုင်ခြင်းမရှိတော့ဟု ပြောသည်။
“မီးလာချိန် မမှန်တာရယ်၊ စက်သုံးဆီစျေးတက်တာရယ်တို့ကြောင့် မီးစက်ကိုလည်း အချိန်ပိုင်းပဲ နှိုးနိုင်တော့တယ်။ ညအချိန်မီးပြတ်နေရင် မီးစက်နှိုးဖို့ကလည်း ဘေးပတ်ဝန်းကျင်ကိုအားနာရတဲ့အတွက် အလုပ်မလုပ်လိုက်ရတဲ့အခါတွေရှိပါတယ်။ ဒါကြောင့် ကျနော်တို့ နေ့စဉ်ထုတ်လွှင့်နေတဲ့ရုပ်သံအစီအစဉ်တွေကို အချိန်မှန်ထုတ်လွှင့်နိုင်ခြင်းမရှိပါဘူး။ မီးလာတဲ့အချိန်တွေမှ ကြိုးစားပြီးတော့ လုပ်နေရပါတယ်”ဟု ပြောသည်။
စစ်တွေမြို့ရှိ Voice of Westland သတင်းဌာန၏ တာဝန်ခံအယ်ဒီတာ ဦးနောင်ခိုင်အောင်က လျှပ်စစ်မီးပြတ်တောက်မှုများပြီး သတင်းတင်ပြနိုင်မှုအခက်အခဲရှိနေခြင်းမှာ ပြည်သူများ၏ နား၊ မျက်စိကို ပိတ်ထားခြင်းနှင့်တူကြောင်း နိရဥ္စရာကို ပြောသည်။
"ကိုယ်တွေက သတင်းဌာနအနေနဲ့အလုပ်လုပ်တဲ့အခါ ပြည်သူတွေကိုချပြဖို့ သတင်းမတက်တဲ့အခါ ပြည်သူတွေရဲ့နား၊ မျက်စိကို ပိတ်ထားတာနဲ့တူတယ်။ စီးပွားရေးသမားတွေလည်း နစ်နာမှာပဲ။ လျှပ်စစ်မီးဟာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအကြောင်းအရာတစ်ခုဖြစ်တယ်"ဟု ပြောသည်။
ရခိုင်တွင် နိရဥ္စရာသတင်းဌာန၊ Development Media Group ၊ Western News ၊ Border News Agency စသည့် သတင်းဌာနများ အခြေစိုက်လျက်ရှိသလို အမေရိကန်အခြေစိုက် စစ်တွေရုံးခွဲတစ်ခုဖြစ်သည့် Voice of Westland သတင်းဌာနလည်း ရှိသည်။
ရခိုင်ပြည်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ထွက်ရှိရာဒေသတစ်ခုပြီး ဓာတ်အားလိုအပ်ချက်ကြောင့်ဟုဆိုကာ ကျောက်ဖြူရှိ ရွှေကမ်းလွန်စီမံကိန်း၏ တွင်းသစ် (၂)တွင်းမှ ရွှေသဘာဝဓာတ်ငွေ့များကို နိုင်ငံတော်ဓာတ်အားစနစ်သို့ မကြာခင်ရက်ပိုင်းအတွင်း ပို့လွှတ်ဖြန့်ဖြူးမည်ဟု သိရသည်။
ယင်းသို့ပို့လွှတ်ရာတွင် ပိုက်လိုင်းချိတ်ဆက်ခြင်းများဆောင်ရွက်စဉ် မတ်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း ဝန်အားထိန်းညှိမှုအရ အချို့နေရာများတွင် ၂၄ နာရီ ဝန်အားလျှော့ချခြင်းများ ဆောင်ရွက်ရန်ရှိသည်ဟုလည်း မတ်လ ၆ ရက်နေ့က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ