သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာ့သတင်းသမားများဖိနှိပ်ခံရမှုစံချိန်တင်ဟု ISP ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 467


နိရဉ္စရာ၊ မေ ၂/၂၀၂၂
မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလ အတွင်း ဖမ်းဆီးခံရသည့် သတင်းသမား ၁၄၃ ဦးထက်မနည်းရှိခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော်အတွင်း သတင်းသမားများ ဖိနှိပ်ခံရမှုစံချိန်တင်ခဲ့သည်ဟု ISP (Institute for Strategy and Policy- Myanmar) က မေ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် တနှစ်ကျော်ကာလအတွင်း သတင်းသမား ၁၄၃ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး သတင်း မီဒီယာလုပ်ငန်း ၁၁ ခုကို လိုင်စင် ပိတ်သိမ်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ သတင်းသမား ၁၃၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ ၎င်းအထဲက သတင်းသမား ၂၇ ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရကြောင်း ဖော်ပြသည်။
၎င်းပြင် ပစ်ခတ်မှုများကြောင့် တဦးသေဆုံးကာ စစ်ကြောရေးတွင်လည်း တဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီလ ၂၁ ရက်အထိ သတင်းသမား ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး တဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရကြောင်း၊ သတင်းသမား တဦးမှာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသတွင်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း၊ ၎င်းပြင် စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မှ ဧပြီလအထိ သတင်းမီဒီယာသမား ၃၄ ဦးထက် မနည်းကို ဖမ်း၀ရမ်း ထုတ်ခဲ့ကြောင်း ဆက်လက် ဖော်ပြထားသည်။
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် သတင်းသမား ၁၄၃ ဦး ထဲက ၈၂ ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့ပြီး ၅၈ ဦးမှာ ယခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်း ခံထားရကြောင်း၊ ယနေ့ထိ သေဆုံးသူ သတင်းသမား ၃ ဦးရှိခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသည့် ၅၈ ဦးထဲက ၁၉ ဦးဟာ ထောင်ဒဏ်ချမှတ် ခံထားရပြီး ကျန် ၃၉ ဦး ထဲက အများစုမှာ အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီး ခံထားရသည်မှာ တနှစ်ကျော် ကြာမြင့်နေပြီ ဖြစ်သည်ဟု ပြောဆိုသည်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်း မီဒီယာ သမားများကို “ဖမ်းဆီး ထောင်ချမှုအများဆုံး” နိုင်ငံတနိုင်ငံ ဖြစ်လာသည်ဟု သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ (CPJ) ၏ ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ထုတ်ပြန်ခဲ့သည့် အထူးနှစ်လယ် ထုတ်ပြန်ချက်၌ ရေးသား ထားသည်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်သည့် သတင်း လွတ်လပ်ခွင့် ညွှန်းကိန်းအရ မြန်မာ့သတင်း လွတ်လပ်ခွင့် ညွှန်းကိန်းဟာ ၂၀၂၁ ခုနှစ်မှာ အဆင့်တဆင့် ကျဆင်းခဲ့ကြောင်း၊ မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့်မှာ စစ်အာဏာသိမ်းပြီးနောက် ဆယ်စုနှစ်တစုခန့် နောက်ပြန် ဆုတ်သွားခဲ့ကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ထုတ်ပြန် ထားသည်ဟု သိရသည်။
မေလ ၃ ရက်နေ့သည် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ( World Press Freedom Day) ဖြစ်သဖြင့် အဆိုပါနေ့ မတိုင်မီ ISP ၏ ယခု သတင်း ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
(Photo by International Press Institute)

ဆက်စပ် သတင်းများ