ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

သတင်းသမားလွတ်လပ်ခွင့်ဆုံးရှုံးနေကြောင်း ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့တွင် ရခိုင်သတင်းသမားများပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 4.7k

အေးမြတ်ခိုင်
နိရဥ္စရာ၊ မေ ၃/ ၂၀၂၂
ပြည်သူများကို သတင်းရေးသားတင်ပြရာတွင် သတင်းသမားများ၏ လွတ်လပ်ခွင့်များဆုံးရှုံးနေကြောင်း ယနေ့ မေလ ၃ ရက်နေ့တွင် ကျရောက်သည့်ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် ရခိုင် သတင်းသမားများက ပြောဆိုလိုက်သည်။
ရခိုင်တွင် သတင်းဌာနများအနေနှင့် သတင်းတင်ပြရာတာ သတင်း လွတ်လပ်ခွင့်မရှိဘဲ အန္တရာယ်ကြားမှ တင်ပြနေရပြီး သတင်းမီဒီယာသမားများ အနေဖြင့် အစိုးရနှင့် ပတ်သည့် သတင်းအပါအဝင် မည်သည့် အရပ်ဖက်သတင်းမဆို ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန် လုပ်ပိုင်ခွင့် ရစေချင်ကြောင်း ရခိုင်အခြေစိုက် Western News သတင်းဌာနမှ လက်ထောက်အယ်ဒီတာဦးထွန်းသာက နိရဥ္စရာ ကိုပြောသည်။
"ရခိုင်ပြည်မှာ သတင်းလွတ်လပ်ခွင့်ကို မရဘူးလို့ပြောချင်တယ်။ သတင်းဆိုတာ လူတိုင်းကရယူပိုင်ခွင့်ရှိတယ်။ သတင်းကိုပွင့်ပွင့်လင်းလင်းနဲ့ အစိုးရဖက် သတင်းမဆို၊ အရပ်ဖက်သတင်းမဆို ပွင့်ပွင့်လင်းလင်းနဲ့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရစေချင်တယ်။ ဒါမှလည်း ဗဟုသုတနဲ့ပြည့်စုံတဲ့ လူမှုအသိုင်းအဝိုင်း တစ်ခုဖြစ်ပြီးတော့ အလုပ်လုပ်တာပိုပြီးမြန်ဆန်တိကျမယ်။ အလုပ်လုပ်တာ ပိုပြီးဖွံ့ဖြိုးတိုးတက်ပြီး ရှေ့ရောက်မယ် လို့သုံးသပ်ချင်ပါတယ်"ဟု ပြောသည်။
လက်ရှိ Western News သတင်းဌာနအနေနှင့် ပလက်ဝတွင် အလံဖြူထောင်သည့် ကိစ္စနှင့် ပတ်သတ်ပြီး သတင်းရေးသားခဲ့သည့်အတွက် တရားစွဲခံထားရပြီး အင်တာဗျူးဖြေသူကိုလည်း အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသည်။
“ အခုလို သတင်းရေးတဲ့ သတင်းဌာနကို တရားစွဲဆိုထားပြီး အင်တာဗျူး ဖြေဆိုသူကို ထောင်ချတဲ့ ကိစ္စကတော့ သတင်းမီဒီယာလွတ်လပ်ခွင့်လုံးဝမရှိတဲ့ အခြေအနေကို မီးမောင်းထိုးပြနေတာဖြစ်ပါတယ်”ဟု ဦးထွန်းသာက ပြောသည်။
လက်နက်အဖွဲ့အစည်းများနှင့် ပတ်သတ်ပြီး သတင်းရေးသားသည့်အခါ ပိုမိုခက်ခဲကာ စိုးရိမ်မှုများနှင့် ရေးသားနေရပြီး အစိုးရဌာနဆိုင်ရာများထံမှ အချက်အလက်ရယူရာတွင်လည်း အခက်အခဲများ ကြုံတွေ့ရမှုများကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့်မှာ ဇီးရိုသာရှိကြောင်း ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် DMG သတင်းဌာန၏ အော်ပရေးရှင်းတာဝန်ခံ ဦးဇော်ဇော်က ပြောသည်။
"ကျွန်တော်တို့အဖြေကတော့ ဇီးရိုလို့ပြောလို့ရတယ်။ သတင်းနဲ့ပတ်သတ်လို့ လွတ်လပ်စွာ ဖော်ထုတ် ရေးသားဖို့ဆိုရင် အဖက်ဖက်ကိုစိုးရိမ်ပြီး လုပ်နေရတယ်။ အားလုံးကို စိုးရိမ်နေရတဲ့ အခြေအနေနဲ့ ရပ်တည်နေရတယ်။ ရခိုင်မှာဆို ပိုပြီးကျပ်တည်းတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပတ်သတ်ပြီး သတင်း ရေးရတဲ့အခါ နည်းနည်းအခက်အခဲ ကြုံရတယ်။ အစိုးပိုင်းက သတင်းအချက်အလက်ယူရတဲ့အခါလည်း အတိုက်အခံဖြစ်ရတဲ့ ပုံစံပေါ့။ နောက်ဆို အင်တာဗျူးတွေမဖြေတော့ဘူး။ ကျွန်တော်တို့က မကောင်းတာ၊ လိုအပ်တာပဲထောက်ပြမှာပေါ့။ ထောက်ပြတဲ့အခါမှာလည်း သူတို့က လက်မခံတာမျိုးတွေ ရှိတယ်" ဟု ပြောသည်။
သတင်းမီဒီယာတို့၏ လုံခြုံမှု၊ ပြည်သူကို ဘက်မလိုက်ဘဲ မှန်ကန်စွာ ရေးသားတင်ပြနိုင်ရေး အတွက် အကာအကွယ်ပေးနိုင်သည့် ဥပဒေတစ်ခု ခိုင်ခိုင်မာမာရှိလာစေလိုကြောင်း သတင်းမီဒီယာသမားများက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တစ်နှစ်တာ ကြာလအတွင် ဖမ်းဆီးခံရသည့် သတင်းသမား ၁၄၃ ထက်မနည်းရှိခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော်အတွင်း သတင်းသမားများ ဖိနှိပ်ခံရမှု စံချိန်တင်ခဲ့သည်ဟု ISP(Institute for Strategy and Policy-Myanmar) က မေလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အာဆီယံဒေသတွင်း သတင်းမီဒီယာ လွတ်လပ်ခွင့်စောင့် ကြည့် အဖွဲ့အစည်းဖြစ်သည့် Reporting ASEAN ၏ ၂၀၂၂ခု နှစ်၊ ဖေဖော်ဝါရီ (၁၀)ရက် နောက်ဆုံးထုတ်ပြန်အရလည်း အကျဉ်းထောင်တွင်းထဲ ဖမ်းဆီးထိန်းသိမ်းခံရဆဲ သတင်းထောက် (၄၇)ဦးရှိပြီး အမျိုးသမီး ၂၁.၃ ရာခိုင်နှုန်းအထိ ပါဝင်ကြောင်း သိရသည်။
(Photo by BBC)

ဆက်စပ် သတင်းများ