သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မီးအန္တရာယ်ကင်းရှင်းစေရေး မီးသတ်ဦးစီးဌာနမှ ဘူးသီးတောင်တွင် လူနေအိမ်များနှင့် စက်ရုံတချို့ကို ကွင်းဆင်းစစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 5k

ရဲသွေးနီနီ(ဘူးသီးတောင်)
နိရဉ္စရာ၊ ဖေဖော်ဝါရီလ ၁၈/၂၀၂၁

ဘူးသီးတောင်မြို့တွင် မီးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ် မီးသတ်ဦး စီးဌာနမှ မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ယနေ့ နံနက်က လူနေအိမ်များနှင့် စက်ရုံများကို သွားရောက် စစ်ဆေးခဲ့သည်ဟု သတင်း ရရှိသည်။

ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မှူး ဦးထွန်းဝင်းနိုင်က “ ကျနော်တို့ ရပ်ကွက်တိုင်းကို တစ်အိမ်တက် တစ်အိမ်ဆင်း စစ်ဆေးနေတာတွေရှိပါတယ်။ မီးခလုတ်တွေ၊ လျှပ်စစ်မီးသုံးစွဲမှုတွေ စနစ်ကျ မကျ စစ်ဆေးတာပါ။ နောက်ပြီး လျှပ်စစ်မီးနဲ့ပတ်သက်ပြီး မီးလောင်မှု မဖြစ်အောင်ရယ်။ အန္တရာယ် ကင်းရှင်းဖို့ရယ်ပေါ့” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယနေ့ နံနက်မှ စတင်ပြီး ဘူးသီးတောင် မြို့ပေါ်ရှိ အမှတ် ၅ ရပ်ကွက်၊ ၆ ရပ်ကွက်နှင့် ရွာမရွာတို့ကို စစ်ဆေးခဲ့ပြီး မီးသတ်ဗူးဖြင့် မီးငြိမ်းသတ်နည်းကိုလည်း မီးသတ်တာဝန်ရှိသူများက သင်ပြမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

“ မီးလောင်မှုဖြစ်လာလို့ရှိရင် ရှေးဦးမီးငြိမ်းသတ်ရေးပစ္စည်းဖြစ်တဲ့ မီးသတ်ဗူးနဲ့ လက်ဦးမှုရယူ ပြီးတော့ မီးငြိမ်းသတ်ဖို့ မီးသတ်ဗူးတွေကိုလည်း အိမ်တွေ၊ စက်ရုံတွေမှ ထားခိုင်းပါတယ်။ မီးသတ်ဗူး သုံးစွဲ နည်းတွေကိုလည်း ပြသ ပေးပါတယ်။ ဒီနေ့တော့ အမှတ် ၅ ရပ်ကွက်၊ ၆ ရပ်ကွက်နဲ့ ရွာမရွာမှာရှိတဲ့ ရွှေတော်ဝင်ရေသန့်စက်ရုံ အဲဒီနေရာ ၃ ခုမှာစစ်ဆေးနေပါတယ်” ဟု ပြောသည်။

မီးသတ် ဦးစီးဌာနမှ တစ်အိမ်တက်တစ်အိမ်ဆင်းစစ်ဆေးနေသည် ဟုပြောသော်လည်း တချို့ နေအိမ်များသို့ မရောက်ရှိသေးကြောင်း အမှတ် ၅ ရပ်ကွက်တွင်နေထိုင်သူ မဝင်းဝင်းနွယ်ကပြောသည်။

“ဘယ်အပိုင်းကိုလုပ်နေလဲတော့မသိဘူး။ ကျမတို့အိမ်နဲ့ အနီးဝန်းကျင်တွေကိုတော့မရောက်သေးဘူး။”

ရွာမရွာမှာရှိ ရွှေတော်ဝင်ရေသန့်စက်ရုံကို လာရောက်စစ်ဆေးခဲ့ပြီး စက်ရုံအတွင်း စက်သုံးဆီများ သိုလှောင်ထားခြင်း ရှိ/ မရှိ စစ်ဆေးခဲ့သည်ဟု သိရသည်။

ရွှေတော်ဝင်ရေသန့်စက်ရုံ ပိုင်ရှင်၏ အစ်ကိုဖြစ်သူ ဦးဖြူဖြူထွန်းက “ကျနော်တို့စက်ရုံကိုတော့ မီးသတ်ဦးစီးဌာနက စစ်ဆေးလာတာရှိပါတယ်။ အဓိကတော့ မီးတွေကိုစစ်ဆေး သွားပါတယ်။ မီးသတ် ဗူးဆောင် ထားဖို့လည်း ပြောသွားတယ်။ နောက်ပြီး စက်ရုံမှာ ဆီတွေသိုလှောင်ထားတာရှိမရှိ အဲဒါတွေလည်းစစ်ဆေးသွားတယ်” ဟု ပြောသည်။

ဘူးသီးတောင်တွင် မီးဘေးအန္တရာယ် အပါအဝင် လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းစေရေး အတွက် ဇန်နဝါရီလကတည်းက နေအိမ်များ၊ စက်ရုံများကို စစ်ဆေးမှုများ စတင်ဆောင် ရွက်နေခြင်း ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ရပ်ကွက်အားလုံးနီးပါး ပြီးစီးနေပြီဖြစ်သော်လည်း အမှတ် ၆ ရပ်ကွက် တစ်ခုသာ ကျန်ရှိနေသေးကြောင်း၊ စနေနှင့် တနင်္ဂနွေနေ့ မှလွဲ၍ကျန်ရက်များတွင် တစ်အိမ်တက် တစ်အိမ်ဆင်း ဆက်လက် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ