စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပွဲကြည့်၍ပြန်လာသူ ၅၂ ဦး မြောက်ဦးမြို့ရဲစခန်းတွင် တစ်ညထိန်းသိမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 4.1k

ဆောင်းဇာခြည်

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၂/ ၂၀၂၁

မြောက်ဦးမြို့နယ်၊ ဘူးရွက်မညိုးကျေးရွာမှ ရှိုးပွဲကြည့်၍ ပြန်လာသူ ၅၂ နှစ်ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ြောက်ဦးမြို့မရဲစခန်းတွင် တစ်ည ထိန်းသိမ်းခဲ့ကြောင်း ထိန်းသိမ်းခံခဲ့ရသူများက ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ည ၉ နာရီခွဲခန့်က ဘူးရွက်မညိုးကျေးရွာမှ ရှိုးပွဲကြည့်၍အပြန် မြောက်ဦးမြို့ရှိ ငွေတောင်ပေါက်တံတားသို့အရောက်တွင် တပ်မတော်သားအချို့နှင့် ရဲဝန်ထမ်း အချို့တို့ပူးပေါင်းကာ ယင်းပွဲကြည့်လာသူများကို မြောက်ဦးမြို့ရဲစခန်းသို့ ခေါ်ဆောင် ထိန်းသိမ်းခြင်းခဲ့ခြင်းဖြစ်ကြောင်း မြောက်ဦးမြို့၊ ညောင်ပင်စျေးရပ်ကွက်မှ ဦးတရုတ်ချေက ပြောသည်။

ကျွန်တော်တို့ ခြေကျင်လျှောက်လာကြတာ။ ငွေတောင်ပေါက်တံတားကိုအရောက်မှာ စစ်သားတွေနဲ့ ရဲတွေနဲ့ပေါ့။ ခင်ဗျားတို့ လူကြီးတွေနဲ့ ခဏစကားပြောရမယ်ဆိုပြီး အဲဒီအနားက ရဲစခန်းကို ခေါ်သွင်းပါတယ်။ အဲဒီမှာ ရဲစခန်းကိုရောက်တော့ ရဲစခန်းက ခင်ဗျားတို့ဘယ်ကလာတာလဲ၊ ခင်ဗျားတို့ အေအေတွေလား မေးတယ်။ ကျွန်တော်တို့က ပြည်သူတွေပါ၊ ပွဲကြည့်ပြီးလာကြတာပါလို့ ပြန်ဖြေလိုက်ပါတယ်။ ရဲစခန်းမှာ အိပ်စရာနေရာမရှိဘဲ တစ်ညလုံး ငုတ်တုတ်ကြီး နေခဲ့ရပါတယ်။ဟု ပြောသည်။

၄င်းတို့ကို မြောက်ဦးမြို့မရဲစခန်းတွင် တစ်ညအိပ်ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၆ နာရီကျော်က ပြန်လွှတ်ပေးလိုက်ကြောင်း သူက ဆက်ပြောသည်။

အဆိုပါ လူပေါင်း ၅၂ ဦးမှာ မြောက်ဦးမြို့၊ ညောင်ပင်စျေး၊ အလယ်စျေး၊ လော်ကမူစသည့် ရပ်ကွက်တို့မှ ပါဝင်ကြောင်း လော်ကမူရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးကျော်မောင်ကြီးက ပြောသည်။

အခုတော့ ပြန်လွတ်ပါပြီ။ ဘူးရွက်မညိုးက ပွဲကြည့်လို့အပြန် အဖမ်းခံရတာပါ။ ဖမ်းတယ် ဆိုတာကလည်း ဟိုလိုမျိုးပါပဲ။ ကြိုးတွေတုတ်တာမျိုးတော့ မဟုတ်ဘူး။ သူတို့ကို ဘယ်ကလာလဲ၊ ဘယ်ကလဲ။ ဒါမေးတာပါ။ ကျွန်တော်တို့ရပ်ကွက်က အမျိုးသမီး ၃ ယောက်နဲ့ ယောကျ်ား ၄ ယောက်ပါတယ်။ တခြားရပ်ကွက်တွေကလည်း အမျိုးသမီးတွေပါပါတယ်။ဟု သူက ပြောသည်။

ယင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူများထဲတွင် အသက် ၂၀ မှ အသက် ၅၀ ကျော်အရွယ်အထိ ပါဝင်ကြောင်း သိရသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်ကလည်း ဟုတ်ပါတယ်။ ဘူးရွက်မညိုးမှာ စတိတ်ရှိုးပွဲကို မြောက်ဦးကလူတွေက သွားကြည့်ကြတာ။ ပြန်လွတ်ကြပြီလို့ ကြားပါတယ်။ ဘာမှတော့ မဟုတ်ဘူးပေါ့နော်။ စစ်ဆေးရုံပါပဲ။ဟု နိရဉ္စရာသို့ ပြောသည်။

အဆိုပါ ဘူးရွက်မညိုးကျေးရွာမှ မြောက်ဦးမြို့၏ မြောက်ဘက် ၆ မိုင်ခန့်အကွာတွင် တည်ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့ သက်ဆိုင်ရာ ရဲတာဝန်ရှိသူများသို့ ဆက်သွယ်ရာ ဒုရဲအုပ်တစ်ဦးက စခန်းမှူးအား ဆက်သွယ် မေးရန်ပြောကြားပြီး စခန်းမှူးဖုန်းသို့ ဆက်သွယ်ရာ စခန်းမှူးမှာ အပြင်ထွက်သွားကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသဖြင့် ရဲဘက်ကို မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ