သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရန်ကုန်မှ ရခိုင်ရွှေ့ပြောင်း အလုပ်သမား ၁၅ဝဝ ခန့် နေရပ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 2.6k

ချစ်အိလှိုင်
နိရဉ္စရာ၊ မတ် ၈/ ၂ဝ၂၁

ရန်ကုန်တွင် ဆန္ဒပြပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေရာမှ စားဝတ်နေရေးအခက်အခဲ ကျရောက် လာသဖြင့် ရခိုင်ရွှေ့ပြောင်း အလုပ်သမား ၁၅ဝဝ ခန့်သည် ရန်ကုန်မှ ရခိုင်သို့ လူစီးကားများဖြင့် ပြန်သွားကြသည်ဟု သတင်းရရှိသည်။

ရခိုင်လူမှုကူညီရေးအဖွဲ့များ၏ အကူအညီဖြင့် မတ်လ ၇ ရက်နေ့ နံနက်မှ စတင်ပြီး လူစီး Express ကားများဖြင့် ထွက်ခွာသွားခဲ့ကြသည်ဟု ရခိုင်လူမှုကူညီနေရေးလုပ်ဆောင်နေသည့် ဦးအေးမောင်က နိရဉ္စရာသတင်းဌာနအားပြောသည်။

“ ရန်ကုန်မှာစက်ရုံတချို့မှာ လုပ်မဆင်းကြရတော့ဘူး။ ပြီးတော့ နိုင်ငံရေးအခြေအနေကြောင့် အလုပ်မရှိပဲ စားဝတ်နေရေးခက်ခဲနေကြတဲ့ လူတွေကို မိသားစုတွေက နေရပ်ကို ပြန်ပို့ပေးစေချင်ကြတယ်။ အဆောင်တချို့မှာဆိုရင် လစာမပေးနိုင်လို့ မနေရတော့တဲ့ မိန်းကလေးတွေရှိတယ်။ သိပ်အခက်အခဲဖြစ်နေတဲ့လူတွေပါတာပေါ့။ ဒါကြောင့် ပြန်သွားကြတာဖြစ်ပါတယ်” ဟုပြောသည်။

သူ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဆန္ဒပြမှုများ အတွင်း ရန်ကုန်တွင် လာရောက် လုပ်ကိုင်နေသည့် ရခိုင်ရွှေ့ပြောင်း အလုပ်သမား သောင်းနှင့်ချီပြီး နေထိုင်စားသောက်ရေး အဆင်မပြေဖြစ်နေကြသည်ဟု သိရသည်။

ရခိုင်လူမှုကူညီရေးအသင်းများမှ စုပေါင်းပြီး ကား ၁၅ စီးဖြင့် လူ ၈၂၅ ဦးတို့ကို တာဝန်ယူပို့ဆောင်ပေးခဲ့ပြီး ကျန် လူပေါင်း ၆၀၀ ကျော်မှာ ကားဂိတ်များမှ ရိုးရိုး ခရီးသည်တင် ကားများဖြင့် လိုက်ပါသွားရသည် သူက ဆက်ပြောသည်။

မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှ ရန်ကုန်မြို့အထည်ခြုပ်စက်ရုံတစ်ခုတွင် အလုပ် လုပ်ကိုင်ပြီး မိဖများကို ကျွေးမွေးနေရသူ မကေသီခိုင်က “ ရန်ကုန်မှ နေလို့အဆင်မပြေလို့ပြန်လာတာပါ။ ဒီမှာ ပြဿနာတွေဖြစ်နေကြတော့ ညဆိုလည်း ကင်းစောင့်ရတယ်။ ညမအိပ်ရဘူး။ အလုပ်လုပ်လို့လည်း အဆင်မပြေဘူး။ အိမ်ကအမေတို့ကလည်း အိမ်ပြန်လာဖို့ခေါ်လို့ပါ။ စိတ်ပူကြတယ်လေ။ တချို့ မိန်းကလေးတွေဆိုရင် အဆောင်ခမပေးနိုင်လို့ အနှင်ခံရတယ်။ ဒါကြောင့် အခုလိုပြန်လာခဲ့ကြတာပါ” ဟုပြောသည်။

ရခိုင်သို့ ပြန်ကြသည့် ကားများ ရခိုင်လူမှုကူညီရေးအသင်းများမှ ဘတ်စ်ကား ၁၅ စီး၊ရိုးရိုးအိမ်စီးကား များ၊ ကားဂိတ်များမှ ကားများဖြင့် ဆိုလျှင် အစီးရေ ၂၅ စီးခန့်ရှိကြောင်း၊ လူပေါင်း ၁၅ဝဝ ခန့်ရှိကြောင်း သူမကဆက်ပြောသည်။

ရခိုင်သို့ ပြန်ကြသူ အများစု ရွှေ့ပြောင်း အလုပ်သမားများမှာ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ တောင်ကုတ်၊ သံတွဲနှင့် တောင်ကုတ်မြို့တို့မှ ဖြစ်ကြပြီး နေရပ်အသီးသီးသို့ ပို့ဆောင်ပေးမည်ဟု ရခိုင်လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပြောသည်။

ရခိုင်လူမှုရေးအဖွဲ့အစည်းတွင် ဦးဆောင်လုပ်ဆောင်နေသူတစ်ဦးဖြစ်သည့် ကိုမင်းစောမင်းက “ အရင်ကိုဗစ်ကာလတုန်းကလည်း ကိုဗစ်နဲ့ အခက်အခဲဖြစ်နေသူတွေကို ပို့ပေးခဲ့ပါတယ်။ အခုလည်း ဒီမှာ စားဝတ်နေရေးအဆင်မပြေကြတဲ့လူတွေကို မိသားစုတွေက ပြန်ပို့ပေးဖို့ တောင်းဆို လာကြတဲ့အတွက် ကျွန်တော်တို့ ကြိုးစားပြီးပို့ပေးကြတာပါ။ ပြန်ပို့ပေးတာ အရင်နဲ့ ဒီတခေါက်နဲ့ဆို လူက သောင်းနဲ့ချီနေပြီ” ဟုပြောသည်။

ထွက်ခွာလာသည့်ကားများမှာ မနက်ဖြန် မတ်လ ၉ ရက်နေ့တွင် မိသားစုများရှိသည့် နေရပ်သို့ ပြန်ရောက်လည်ရောက်ရှိကြမည်ဟုသိရသည်။

ဆက်စပ် သတင်းများ