သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဖလောင်းပြင်ဆည်မှရေကို မင်းပြားမြို့သို့ ဖြန့်ဖြူးရန်အတွက် ရေတွန်းစက်တစ်လုံး အရေးပေါ်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 2.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ မတ် ၂၂ / ၂၀၂၁

နှစ်စဉ်၊ နှစ်တိုင်း နွေရာသီတွင် ရေရှားပါးမှုနှင့် ကြုံတွေ့နေရသော  မင်းပြားမြို့၌ ရေရရှိရေးအတွက် ရေတွန်း စက်တစ်လုံး လိုအပ်နေကြောင်း သတင်းရရှိသည်။

မင်းပြားမြို့သို့ ရေပေးနေသော  ဂရင်ဂျိုင်ဆည်တွင် ရေမရှိတော့သည့်အတွက် မြို့၏အရှေ့ဖက် ၄ မိုင်ခန့်အကွာတွင် ရှိပြီး ရေဂါလံ ၆၇ သန်းရှိသော  ဖလောင်းပြင်ဆည်မှ ရေကို ဖြန့်ဝေနိုင်ရေး အတွက် ရေတွန်းစက်တစ်လုံးအရေးပေါ်လိုအပ်နေသည်ဟု မင်းပြားမြို့နယ်၊ စည်ပင်ဥက္ကဋ္ဌ ဦးကျော်ဝင်းခိုင်က ပြောသည်။

ကျနော်တို့ ဒီမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ မြို့မိ၊ မြို့ဖတွေနဲ့ အစည်းဝေးထိုင်ပြီးတော့ နွေရာသီမှာ ရေပေးနိုင်ရေးအတွက် ရေတွန်းစက်တစ်လုံး ရရှိဖို့အတွက် စီစဉ်နေတာရှိပါတယ်။  ဒီရေတွန်းစက် ရရှိရေးအတွက် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီကို ကျနော်ကိုယ်တိုင်သွားပြီးတော့  မတ်လ ၁၇ ရက်နေ့က တောင်းဆိုထားပါတယ်။ဟုပြောသည်။

ရေတွန်းစက်၏ တန်ဖိုးမှာ ကျပ်သိန်း ၃၀၀ ခန့်ရှိပြီး၊ တခြားပစ္စည်းများနှင့် ဒီဇယ်စရိတ်များအတွက်ပါဆိုလျှင် ကျပ်သိန်း ၅၀၀ ခန့်အထိ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သူကပြောသည်။

ဖလောင်းပြင်ဆည်မှာ ပိုက်လိုင်းတွေကိုတော့ ကျနော်တို့ ပြီးခဲ့တဲ့ နှစ် ကတည်းက ဆက်သွယ်ပြီးသားဖြစ်တယ်။ ရေစုကန်၊ ရေစစ်ကန်တွေလည်း လုပ်ပြီးပြီ။ ရေတွန်းစက်တစ်ခုသာ ရမယ်ဆိုလို့ရှိရင် နွေရာသီအတွက် အေးအေးဆေးဆေးရေပေးနိုင်မှာဖြစ်တယ် ဟု ပြောသည်။

၄င်းတို့တောင်းဆိုထားသော ရေတွန်းစက်အား ပြည်နယ်နစက ကောင်စီမှ ပေးရန် ရည်မှန်းထားသည်ဟုလည်း သူကဆက်ပြောသည်။

ရေတွန်းစက်တောင်းဆိုထားမှုနှင့် ပတ်သက်၍ ပစက အဖွဲ့ဝင် ဦးသန်းထွန်းက ၄င်းကိစ္စအား အစည်းအဝေးတွင် ဆုံးဖြတ်ရမည်ဟု ပြောသည်။

  အဲဒါက ဥက္ကဋ္ဌကို တင်ပြထားတာဖြစ်တယ်။ ဥက္ကဋ္ဌက နေပြီးတော့ CEC အစည်းအဝေးမှာ တင်ပြရင်တော့ ပေးသင့်မပေးသင့် ဆုံးဖြတ်ရမယ်။ လောလောဆယ်မှာတော့ မသိရသေးဘူး ဟု ပြောသည်။

 

မင်းပြားမြို့သို့ ရေပေးနေသော ဂရင်ဂျိုင်ဆည်မှာ ရေဂါလံ သန်း ၂၀ သာ ဆန့်သည့်အတွက် ၅ လခန့်သာ ရေဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း၊ မတ်လကုန်တွင် ရေပေးဝေနိုင်တော့မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

 

အခုတော့ ကျနော်တို့ ရေဖြန့်ဖြူးတာကို တစ်ရက်ပေးပြီးတော့ ၃ ရက်နားရတယ်။ ဂရင်ဂျိုင်က ရေဂါလံ ၂၀ သန်းပဲရှိတယ်။ နိုဝင်ဘာ ၈ ရက်နေ့က ကျနော်တို့ စပေးတယ်။ ကျနော်တို့ ဒီလကုန်ရင် ဂရင်ဂျိုင်ဆည်က ရေပေးလို့မရတော့ဘူး။ ဟု ပြောသည်။

မင်းပြားမြို့တွင် အိမ်ခြေ ၄၆၀၀  လူဦးရေ ၂၈၉၆၈ ဦး ရှိပြီး ရေကန်ပေါင်း ၃၄ ကန်ရှိကြောင်း သိရှိရသည်။

အဆိုပါရေကန်များမှ တစ်နှစ်လျှင်  ရေဂါလံပေါင်း ၁၀၈ သန်းခန့်သာ ရရှိပြီး ရေသုံးစွဲမှုမှာ တစ်နှစ်လျှင် ရေဂါလံ ၂၁၁ သန်းအထိ သုံးစွဲမှုရှိကြောင်း သိရှိရသည်

ဆက်စပ် သတင်းများ