ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရန်ကုန်မြို့သို့ ဆေးကုသမှုခံယူရန် မသွားရောက်နိုင်၍ ဦးခေါင်းကျည်စထိမှန်ခဲ့သည့် မနှင်းယုလှိုင်အတွက်စိုးရိမ်ကြောင်း မိသားစုများပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.4k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ ဧပြီ ၂၄ / ၂၀၂၁

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ ဦးခေါင်းတွင် လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ မနှင်းယုလှိုင်ကို ရန်ကုန်မြို့သို့ ပို့ဆောင် ဆေးကုသရမည့် အချိန်မှာ တစ်လကျော်သွားပြီ ဖြစ်သော်လည်း ဆေးကုသရန် မသွားရောက်နိုင်သဖြင့် သူမအတွက် စိုးရိမ်နေရကြောင်း မိသားစုများက ပြောသည်။
သူမ၏ဖခင်ဖြစ်သူ ဦးမောင်ဖြူသီးက“ရန်ကုန်က ဆရာဝန်ကြီးက မှာလိုက်တာကတော့ ၂ လပြည့် လို့ရှိရင် ပြန်လာပြပါဆိုပြီးတော့ မှာလိုက်တယ်။ ၂ လပြည့်သွားတဲ့အခါ ကျနော်တို့ ဆရာဝန်ကြီးကို ဖုန်းဆက်ကြည့်တော့ လာလို့မရတော့ဘူး။ အဲမှာပဲ ဒီကပေးလိုက်တဲ့ ဆေးတွေကို တစ်လစာ ဝယ်သောက်ပါဆိုလို့ စစ်တွေက ဆေးဝယ်ပြီးတော့ သောက်နေရတယ်။ အခုက အဲဒီတစ်လစာလည်း ကုန်သွားပြီ။ ဒါပေမဲ့ ကျနော်တို့ သွားလို့မရသေးဘူး။ အခုတော့ အဲဒီဆရာဝန်နဲ့လည်း အဆက်အသွယ် မရတော့ဘူး။ ဆေးကုန်သွားပြီဖြစ်တဲ့အတွက် ရခိုင်ပြည်ကျောင်းသားသမဂ္ဂတော့ ဒီလအတွက် အဲဆေးကို ဝယ်ပြီးတော့ ထည့်ပေးထားတယ်လို့ ပြောတယ်” ဟုပြောသည်။
မနှင်းယုလှိုင်မှာ လက်ရှိအချိန်တွင် ညောင်ကန်ကျေးရွာသို့ ပြန်လည် ရောက်ရှိနေပြီး ကျန်းမာရေးကောင်းမွန်နေသော်လည်း ဦးခေါင်းတွင် ရှိနေသောလက်နက်ကြီးကျည်စအား မထုတ်ရသေးဟု ဖခင်ဖြစ်သူကဆက်ပြောသည်။
“ အခုက ရန်ကုန်မှာလည်း ဆန္ဒပြတာတွေနဲ့ ဆူပူနေကြတယ်ဆိုတော့ ကျနော်တို့ သွားလို့ အဆင်မပြေသေးဘူး။ သွားတော့ သွားချင်နေပြီး။ သူ့ဦးခေါင်းထဲမှာလည်း လက်နက်အစ ရှိသေးတယ်ဆိုတော့ ကျနော်တို့ စိုးရိမ်တာပေါ့ ” ဟု ဆက်ပြောသည်။
မနှင်းယုလှိုင်မှာ ကျည်ထိမှန်ဒဏ်ရရှိခဲ့ပြီးနောက် စစ်တွေဆေးရုံတွင် ၄၆ ရက်ကြာ ဆေးကုသမှု ခံယူခဲ့ရပြီး ဒီဇင်လအတွင်းက ရန်ကုန်သို့ သွားရောက်ကာ ၁ လကျော်ကြာ ဆေးကုသမှု ခံယူခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သော ၂၀၂၀ ခုနှစ် စက်တင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းက တပ်မတော်တပ်စစ်စခန်းတစ်ခုဘက်က ပစ်လိုက်သော လက်နက်ကြီးကျည် ၄ လုံး ညောင်ကန်ရွာထဲ ကျရောက်ပေါက်ကွဲရာမှ ကျောင်းဆရာမတစ်ဦး၊ ကလေးနှစ်ဦးနှင့် ကျေးရွာသားတစ်ဦး စုစုပေါင်း ၄ ဦး သေဆုံးသွားခဲ့ပြီး မနှင်းယုလှိုင်အပါအဝင် ဒေသခံ(၁၀)ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာလူကြီးများက ပြောဆိုထားသည်။

ဆက်စပ် သတင်းများ