စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

နှစ်လကျော်ကြာဆန်ရိက္ခာပြတ်လပ်နေသည့် စေတီပြင်စစ်ဘေးရှောင်စခန်းသို့ ကူညီထောက်ပံ့သည့်ဆန်အိတ် ၅၀၀ ကျော်ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 2.1k


သျှင်မင်းဇံ
နိရဥ္စရာ၊ ဇူလိုင် ၄/ ၂၀၂၁
နှစ်လကျော်ကြာ စားနပ်ရိက္ခာပြတ်နေသည့် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာ စစ်ဘေးရှောင်စခန်းသို့ ဆန်အိတ် ၅၀၀ ကျော် ရောက်ရှိလာကြောင်း စခန်းကော်မတီဝင် တစ်ဦးက ပြောသည်။
ရောက်ရှိလာသည့် ဆန်အိတ်များအထဲတွင် လူကယ်ပြန်မှ ဆန်အိတ် ၄၃၄ အိတ်၊ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ဆန် ၂၂ အိတ်နှင့် ရခိုင်သဟာယအသင်း (ရန်ကုန်)က ငွေ သိန်း ၂၀ ဖိုး ဆန်အိတ် ၈၀ ခန့်ဖြစ်ကြောင်း သိရသည်။
စေတီပြင်စစ်ဘေးရှောင်စခန်း ကော်မတီဝင် ဦးထွန်းမြင့်က “ မနေ့ က လူကယ်ပြန်က ဆန်အိတ် ၄၀၀ ကျော် ရောက်နေလို့ စက်လှေပေါ်ကနေ ကုန်းပေါ်ကို တင်နေကြတယ်။ ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂကလည်း ဆန် ၂၂ အိတ် လာလှူထားတယ်။ နောက်ပြီးတော့ ရခိုင်သဟာရအသင်း (ရန်ကုန်)က ငွေသိန်းနှစ်ဆယ် လှူထားတာကို ဆန်အိတ်တွေ ဝယ်ထားလိုက်ပါတယ်” ဟု နိရာဥ္စရာသတင်းဌာနကို ပြောသည်။
ယနေ့ ရရှိထားသည့် လူကယ်ပြန်က ဆန်များကို ယနေ့ ဇူလိုင်လ ၄ ရက်နေ့ စစ်ဘေးရှောင်များအား ခွဲဝေပေးမည့်ဖြစ်ပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ရခိုင်သဟာရအသင်း( ရန်ကုန်)မှ လှူဒါန်းထားသည့် ဆန်များကို ဇူလိုင်လ ၅ ရက်နေ့ စစ်ဘေးရှောင် မိသားစုများသို့ ခွဲဝေ ပေးသွားမည်ဟု ဦးထွန်းမြင့်က ဆက်ပြောသည်။
၎င်းစေတီပြင်စစ်ဘေးရှောင်စခန်းအတွင်း အိမ်ထောင်စုပေါင်း (၃၄၄) စုရှိပြီး လူဦးရေအားဖြင့် (၁၄၇၇) ဦး ရှိကာ နှစ်လကျော်ကြာ စားနပ်ရိက္ခာပြတ်နေသည့်ကို ကြားသိ၍ အရေးပေါ်သွားရောက် လှူဒါန်းခဲ့ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဦးဆောင်ကော်မတီဝင် ကိုခိုင်စိုးလင်းက ပြောသည်။
“ကျွန်တော် စေတီပြင် စစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာပြတ်နေတာကို နိရဥ္စရာသတင်းဌာနမှာ မြင်တွေ့ရပါတယ်။ အဲကြောင့် သွားရောက်လှူခဲ့တာပါ။ ဒါပေမဲ့ စေတီပြင်စခန်းကို သွားလာရေးအခက်တွေရှိတဲ့အတွက် ဒီကနေ ဆန်အိတ်ရိက္ခာတွေ မယူသွားဘူး။ အဲရွာက ဆန်အိတ်တွေ ဝယ်ပြီးတော့ လှူခဲ့ရပါတယ်”ဟု ပြောသည်။
ယင်းစေတီပြင်စစ်ဘေးရှောင်စခန်းကို သွားလာရေးအခက်အခဲများကြောင့် အလှူရှင်များ မရောက်နိုင်ခြင်းလည်းဖြစ်ကြောင်း၊ အခြားသော အလှူရှင်များကိုလည်း စစ်ဘေးရှောင်များအား တတ်နိုင်သလောက် လာရောက်လှူဒါန်းကြရန်နှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနေဖြင့် အရေးပေါ်လိုအပ်နေသည့် စစ်ဘေးရှောင်စခန်းများကို သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
စေတီပြင်စစ်ဘေးရှောင်စခန်းတွင် ရောက်ရှိခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ ရေစိုးချောင်း ကျေးရွာ၊ ဆောက်ခတ်ကျေးရွာနှင့် အမျှက်တောင်ကျေးရွာတို့မှ ဖြစ်ကြသည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိ အချိန်အထိ စစ်ဘေးရှောင်ဦးရေ (၂) သိန်းနီးပါးခန့် ရှိနေကြောင်း အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်းများအရ သိရပြီး အများစု စစ်ဘေးရှောင်စခန်းများမှာ စားနပ်ရိက္ခာအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဆက်စပ် သတင်းများ