ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်းကျေးရွာအနီး အမျိုးသား ၁ ဦး ရေနစ်ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.5k

သျှင်မင်းဇံ
နိရဥ္စရာ၊ စက်တင်ဘာ ၆/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သင်းပုန်းတန်းကျေးရွာအနီး တောဖျားချောင်းတွင် ယမန်နေ့က ပိုက်ဖော်ရန်သွားသည့် အမျိုးသား ၁ ဦး ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ပျောက်ဆုံးနေသူမှာ ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်းကျေးရွာ သက်ကယ်ပြင်ရပ်ကွက်မှ အသက် (၃၉ နှစ်)အရွယ် ဦးမောင်ပုဖြစ်သည်။
သူသည် ယမန်နေ့ စင်တင်ဘာလ ၅ ရက် နံနက် ၁၀ နာရီခန့်က ကျေးရွာအနီး တောဖျားချောင်းတွင် ငါးပိုက်ဖော်ရန် တစ်ဦးတည်းသွားချိန်၌ ဝက်ရူးပြန်ရောဂါဖောက်လာသဖြင့် လောင်းလှေပေါ်မှလိမ့်ကျကာ ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သင်းပုန်းတန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးလှက နိရဥ္စရာကို ပြောသည်။
“လှိုင်းတွေကြီးလို့ ခဏကမ်းနားမှာ လှေကပ်ပြီးတော့ နားနေတာ။ လှိုင်းတွေ ငြိမ်သွားတော့ ပိုက်ဖော်ဖို့ပြန်သွားရော ဝါးလုံးနှစ်ပြန်လောက်အရောက်မှာ ဝက်ရူးပြန်ရောဂါ ဖောက်လာပြီး ရေနစ်သွားတာပါ။ ချက်ချင်း ရှာဖွေဖို့ ကြိုးစားပါသေးတယ်။ လုံးဝ ရှာမတွေ့တော့ဘူး” ဟု ပြောသည်။
လက်ရှိတွင် ပျောက်ဆုံးနေသူအား သင်းပုန်းတန်းကျေးရွာအပါအဝင် အနီးအနားကျေးရွာများဖြစ်ကြသည့် ရွှေကမ္ဘာကျေးရွာ၊ ကန်ပြင်ကျေးရွာနှင့် ကန်ပူးကျေးရွာတို့က ရှာဖွေနေကြောင်း သိရသည်။
ပျောက်ဆုံးနေသူတွင် ဇနီးနှင့်အတူ ၁၀ တန်းနှင့် ၇ တန်းကျောင်းသူ သမီးနှစ်ဦးကျန်နေခဲ့သည်။
ပျောက်ဆုံးနေသူမှာ ဝက်ရူးပြန်ရောဂါရှိသဖြင့် ပိုက်ချ၍ ငါးရှာသည့်အလုပ်ကို လုပ်ရန်မသင့်တော်သော်လည်း အလုပ်အကိုင်ရှားပါးခြင်းနှင့် မိသားစု စားဝတ်နေရေးအခက်အခဲဖြစ်နေရသည့်အတွက် လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။
“အမှန်တကယ်ဆိုရင် သူတို့တွေက ရေလုပ်ငန်းတွေကို မလုပ်စားသင့်ဘူး။ အဲရောဂါတွေ ရှိနေလို့လေ။ အလုပ်အကိုင်တွေကလည်း ရှားပါးတယ်။ မရှိဆင်းရဲနွမ်းပါးတဲ့အတွက် လုပ်ရတာပေါ့။”ဟု ပြောသည်။
ယခုဖြစ်စဉ်ဖြစ်ပွားခဲ့သည့်ကျေးရွာအနီးရှိ ကန်ပူးကျေးရွာမှ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးတို့လည်း ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က တောဖျားချောင်းတွင် မျှစ်ခူးပြီး အိမ်ပြန်လာစဉ် ဟွန်ဒါစက်လှေနစ်မြုပ်၍ သေဆုံးမှုဖြစ်ပေါ်ခဲ့သေးသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ကလည်း မြေပုံမြို့နယ် အငူကျေးရွာမှ အမျိုးသမီး ၄ ဦးလည်း မျှစ်ခူး၍ အိမ်ပြန်လာစဉ် ရေစီးဖြင့် မျောပါသေဆုံးသွားခဲ့သည်။

ဆက်စပ် သတင်းများ