စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဝန်ကြီးဦးသန်းထွန်း နှလုံးအထူးကုနှင့်ပြသရန် ရန်ကုန်သို့သွားရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.9k

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၂/ ၂ဝ၂၁
ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းသည် နှလုံးအထူးကုနှင့်ပြသရန်အတွက် ယနေ့ ရန်ကုန်သို့သွားရောက်နေပြီဟု သတင်းရရှိသည်။
ဝန်ကြီးဦးသန်းထွန်းသည် နှလုံးရောဂါဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရာမှ ယနေ့ အောက်တိုဘာ ၁၂ ရက် မွန်းတည့် ၁၂ နာရီခန့်က ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် သွားရောက်နေခြင်းဖြစ်သည်ဟု သိရသည်။
ဦးသန်းထွန်းက “ဒီနေ့ ရန်ကုန်ကိုသွားမယ်။ သက်သက်သာသာပါပဲ။ ရန်ကုန်ဆေးရုံကြီးကိုသွားရမှာ။ နှလုံးအထူးကုနဲ့ပြဖို့အတွက်ပါ”ဟု ပြောသည်။
ဦးသန်းထွန်းသည် လွန်ခဲ့သည့် စက်တင်ဘာလ ၃ဝ ရက် နံနက်က မြောက်ဦးနှင့် ကျောက်တော်မြို့များသို့ နောက်ထပ်ဝန်ကြီးအချို့နှင့်အတူ ကွင်းဆင်းနေရာမှ နှလုံးရောဂါဖောက်လာ၍ စစ်ရဟတ်ယာဉ်ဖြင့် စစ်တွေဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ရသည်။
ယင်းနောက် ရောဂါအနည်းငယ်သက်သာလာသော်လည်း နှလုံးအထူးကုဖြင့်ပြသရန်လိုအပ်နေသည့်အတွက် ယခုကဲ့သို့သွားရောက်ရခြင်းဖြစ်သည်ဟု သိရသည်။
ဦးသန်းထွန်း(ခေါ်)ဆရာကျားချေသည် စစ်တွေမြို့မှ ထင်ရှားသည့် တက္ကသိုလ်ဝင်တန်းသချင်္ာဆရာတစ်ဦးဖြစ်ပြီး စစ်တွေ အထက(၄) ကျောင်းမှ အပူဇော်ခံကျောင်းဆရာအငြိမ်းစားတစ်ဦးဖြစ်သည်။
ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းမှုဖြစ်စဉ်ပြီးနောက် ဦးသန်းထွန်းကို ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏အဖွဲ့ဝင် (၃)အဖြစ် နစကကောင်စီက ခန့်အပ်ခဲ့သည်။
ယင်းနောက် ရခိုင်ပြည်နယ်သယံဇာတရေးရာဝန်ကြီးအဖြစ် သြဂုတ်လ ၁ ရက်တွင် နစကကောင်စီက တာဝန်ပြောင်းလဲခန့်အပ်ခဲ့သည်။
လက်ရှိတွင် ဦးသန်းထွန်းနေမကောင်း၍ ၎င်း၏တာဝန်များကို ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ပူးတွဲတာဝန်ယူထားရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ