သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ငပလီမြို့၏နာမည်ကျော် ပေါင်ဝန်တံတားနှင့် မြပတ္တမြားဥယျာဉ်ကို အောက်တိုဘာလ ၁၆ ရက်တွင်ပြန်လည်ဖွင့်လှစ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.9k

မြထွီးသျှင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၃/ ၂၀၂၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီမြို့၏ နာမည်ကျော် ပေါင်ဝန်တံတားနှင့် မြပတ္တမြားဥယျာဉ်ကို လာမည့်အောက်တိုဘာလ ၁၆ ရက်တွင် မွမ်းမံတိုးချဲ့ထားမှုများနှင့်အတူ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းသို့ဖွင့်လှစ်နိုင်ရန် ယခင် ပေအရှည် ၅၀၀ ရှိသည့် ပေါင်ဝန်တံတားကို တိုးချဲ့တည်ဆောက်ပြီး မြကန်ထဲတွင်လည်း ဘဲရုပ်လှေ၊ ကနူးလှေများ လှော်ခတ်နိုင်ရန်အတွက် စီစဉ်နေပြီဟု သိရသည်။
အလားတူ မြပတ္တမြားဥယျာဉ်တွင်လည်း မြေသားလမ်းများကို
ဦးစားပေးပြုပြင်နေပြီဖြစ်သလို မိုးရာသီတွင် အလှပျက်သွားခဲ့သည့် ပန်းပင်များကိုလည်း ပြန်လည်ပြုစုကာ ခြုံများရှင်းလင်းပြီး ဆေးပြန်သုတ်နေပြီဖြစ်ကြောင်း သိရသည်။
မြပတ္တမြားဥယျာဉ်မိသားစုအုပ်ချုပ်မှုဒါရိုက်တာ ဦးသန့်ဇော်ဦးက “မရောက်ဖူးသေးတဲ့သူတွေအတွက်တော့ ငပလီ အလည်ရောက်ရင် နေ့လယ်ဘက် အခန်းအောင်းနေရမဲ့အချိန်ကို ပျော်ရွှင်စွာ အသုံးချနိုင်ဖို့ လည်ပတ်စရာတစ်ခုရှိနေပြီဆိုတာ သတင်းပေးချင်ပါတယ်”ဟု ပြောသည်။
မြပတ္တမြားဥယျာဉ်သည် သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂေါ့ရပ်ကွက်၊ ထီးထူးတောင်ဘုန်းကြီးကျောင်းနှင့် ကပ်လျက်တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ၁၀ ဧကခန့်ကျယ်ဝန်းကြောင်း သိရသည်။
မြပတ္တမြားဥယျာဉ်နှင့် ပေါင်ဝန်တံတားကို ယခုနှစ် ၂ဝ၂၁ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ဖွင့်လှစ်ခဲ့သော်လည်း အခြေအနေအမျိုးမျိုးကြောင့် ဇွန်လမှစတင်ကာ ရပ်နားခဲ့ရသည်ဟု ပြောသည်။
မြပတ္တမြားဥယျာဉ်တွင်ပါဝင်သည့် ပေါင်ဝန်သစ်သားတံတားသည် ဥယျာဉ်အတွင်းရှိ မြစ်ချောင်းမှတဆင့် ဒီရေတောများကိုဖြတ်ကာ ဆင်ခေါင်းပင်လယ်ဝသို့ သွယ်တန်းထားခြင်းဖြစ်သည်။
တံတားပေါ်မှ လမ်းလျှောက်ကာ သဘာဝအလှအပများကို ခံစားနိုင်သည့်အတွက် ဒေသခံများနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ရေပန်းစားနေသည့် တံတားတစ်စင်းလည်းဖြစ်သည်။
သံတွဲမြို့ခံကိုဇွဲထက်မာန်က “ပေါင်ဝန်တံတားက သံတွဲမှာလည်ပတ်ဖို့နေရာတစ်ခုလည်း ဖြစ်သလို စိတ်ချမ်းမြေ့ရပါတယ် လည်ပတ်ရတာတွေ။ အခုဆိုရင် အရင်ကထက်သွားဖို့နေရာအများကြီးလုပ်ထားတာ မြင်ရတယ်။ ပြန်ဖွင့်ရင်တော့ သွားဖို့အစီအစဉ်တွေရှိပါတယ်” ဟုပြောသည်။
အဆိုပါဥယျာဉ်ရှိ မျှော်စင်ပေါ်မှ ပင်လယ်ပြင်ရှုခင်းများနှင့် ဒီရေတောအလှအပများကိုလည်း ခံစားကြည့်ရှုနိုင်မည်ဖြစ်သည်။
မြပတ္တမြားဥယျာဉ်သည် ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ၅ နှစ်စီမံကိန်းအနေဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိတွင် ရာခိုင်နှုန်း ၄၀ ကျော်ပြီးစီးနေပြီဖြစ်သည်။
ဒေသခံလူငယ်များအလုပ်အကိုင်အခွင့်အလန်းရရှိရေးနှင့် လာရောက်လည်ပတ်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်ကြစေလိုသည့်ရည်ရွယ်ချက်ဖြင့် ယခုဥယျာဉ်ကို ဖန်တီးရခြင်းဖြစ်သည်ဟု မြပတ္တမြားဥယျာဉ်မိသားစုအုပ်ချုပ်မှုဒါရိုက်တာ ဦးသန့်ဇော်ဦးက ပြောသည်။
ဓာတ်ပုံ - ပေါင်ဝန်တံတား

ဆက်စပ် သတင်းများ