သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဗုံးပေါက်ကွဲမှုဖြင့် မှားယွင်းဖမ်းမိသည်ဟုဆိုကာ ပြန်လွတ်လာသည့် ပလက်ဝဒေသခံ ၄ ဦး ထပ်မံဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.9k

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၃/ ၂ဝ၂၁
ဗုံးပေါက်ကွဲမှုဖြင့် မှားယွင်းဖမ်းဆီးမိသည်ဟုဆိုကာ ယမန်နေ့က ပြန်လွတ်လာသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ဒေသခံ ၄ ဦးကို ယနေ့တွင် ထပ်မံဖမ်းဆီးခံလိုက်ရသည်ဟု သတင်းရရှိသည်။
ပြန်လွတ်လာပြီးနောက် ဖမ်းဆီးခံရသူများမှာ ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုအိုက်ထွန်းမင်း၊ ကိုထွန်းမင်း(သစ်တော)နှင့် ရိက္ခာရပ်ကွက်မှ ကိုထွန်းမင်း(အဆိုတော်)နှင့် ကိုအောင်ထွန်းစိုးတို့ဖြစ်ကြသည်။
၎င်းတို့သည် ယနေ့ အောက်တိုဘာလ ၁၃ ရက် နံနက် ၁ဝ နာရီခန့်တွင် ရဲတပ်ဖွဲ့၏ ပြန်လည်ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
ပလက်ဝမြို့ မြို့မရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးက “ဒီနေ့ပြန်ဖမ်းထားပြီ။ ပြန်ပြီးအချုပ်ထဲပြန်ထည့်တယ််လို့ပြောတယ်။ မနေ့က အိမ်ကိုပြန်ရောက်နေပြီးမှ ဒီနေ့ ပြန်ခေါ်သွားတာ။ ၄ ယောက်လုံးကိုပါ။ သူတို့ကို ရဲကခေါ်သွားတာဆိုပေမဲ့ တပ်ကမကျေနပ်ပုံထောက်တယ်လို့ထင်တယ်"ဟု ပြောသည်။
ဖမ်းဆီးခံရသည်မှာ ဟုတ်မှန်သည်ဟုလည်း အမည်မဖော်လိုသည့်မိသားစုဝင်တစ်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့ရဲစခန်းသို့ ဆက်သွယ်ရာတွင် ဆက်သွယ်မှုမရရှိသေးပါ။
၄င်းတို့ ၄ ဦးကို ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က ပလက်ဝမြို့၊ မြို့မရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့အနီး ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီးကာ ပုဒ်မ ၅ဝ၅(က)ဖြင့် တရားစွဲဆိုခံခဲ့ရသည်ဟု သိရသည်။
ယင်းနောက် ၎င်းတို့ကို မှားယွင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုကာ ပလက်ဝမြို့နယ်တရားရုံးက ယမန်နေ့က ပြန်လွှတ်ပေးခဲ့ပြီး ယနေ့တွင် ထပ်မံဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။
ဓာတ်ပုံ - Khonumthung Burmese


ဆက်စပ် သတင်းများ