သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်နှင့် အမ်းကို ခရိုင်မြို့အဖြစ်သတ်မှတ်လိုက်၍ ရခိုင်တွင် ခရိုင် ၇ ခုအထိဖြစ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.7k

ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၉/ ၂ဝ၂၂
ရခိုင်ပြည်နယ်တွင် တောင်ကုတ်နှင့် အမ်းတို့ကို ခရိုင်မြို့အဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည့်အတွက် ရခိုင်တွင် ခရိုင် ၇ ခုအထိဖြစ်လာပြီဟု သိရသည်။
တောင်ကုတ်ခရိုင်တွင် တောင်ကုတ်၊ မာန်အောင်၊ မအီမြို့နှင့် တန်းလွဲရွာမမြို့တို့ပါဝင်ပြီး အမ်းခရိုင်တွင် အမ်း၊ မြေပုံ၊ ကမ်းထောင်းကြီးနှင့် တပ်တောင်မြို့တို့ပါဝင်သည်ဟု ဦးလှသိန်းက ယမန်နေ့က သတင်းထောက်များနှင့်တွေ့ဆုံစဉ် အတည်ပြုပြောသည်။
“အခုဒီရက်ပိုင်းမှာတော့ တရားဝင်ဖွဲ့စည်းသွားဖို့ အတည်ပြုတယ်ပေါ့။ ဖွဲ့စည်းသွားဖို့ဆိုတော့ ဒီဟာကို ငါတို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်က ဒါတွေကို အခြေပြုတင်ပြပေးရမယ်။ အဲဒီတော့မှ ခွင့်ပြုတယ်ဆိုပြီးတော့မှ ခရိုင်အဆင့် ဌာနဆိုင်ရာတွေကို ဖွဲ့စည်းရမယ်။ လောလောဆယ်တော့ ဖွဲ့စည်းခွင့် ကျပြီ” ဟု ပြောသည်။
အမ်းမြို့ဒေသခံလူမှုရေးလှုပ်ရှားသူ ကိုမျိုးလွင်က လက်ရှိတွင် နိုင်ငံရေးကြောင့် ဒေသဖွံ့ဖြိုးရေးအခက်အခဲရှိနေသည့်အချိန်တွင် အဆိုပါအမ်းနှင့် တောင်ကုတ်တို့ကို ခရိုင်အဖြစ်သတ်မှတ်ခြင်းမှာ နိုင်ငံရေး၊ စစ်ရေးအတွက် အသုံးချခြင်းဟုတ်၊ မဟုတ် သတိထားရန်လိုအပ်ကြောင်း ပြောသည်။
“ခရိုင်တိုးလိုက်ရင်တော့ ဒေသဖွံ့ဖြိုးရေးအတွက် အများကြီးအထောက်အကူဖြစ်စေတာပေါ့။ အခုစစ်အာဏာသိမ်းပြီးနောက်ပိုင်း အဘက်ဘက်က ဖွံ့ဖြိုးရေးတွေပျက်ထွက်နေတဲ့အချိန်ခါမှာ ဝန်ကြီးဌာနတွေလည်း ဘားဂျတ်တွေအများကြီးလျှော့ချခံနေရတဲ့အနေအထားမှာ ဒီဟာက သူတို့အတွက် နိုင်ငံရေး၊ စစ်ရေးအတွက် အဓိက အရေးပါတဲ့နေရာတွေကို ခရိုင်အဖြစ်သတ်မှတ်လားဆိုတာ ကျွန်တော်တို့ စဉ်းစားစရာဖြစ်သလို သတိထားဖို့ လိုအပ်တယ်လို့မြင်တယ်” ဟုပြောသည်။
ယခုသတ်မှတ်လိုက်သည့်ခရိုင်မြို့နှစ်ခုအနက် အမ်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာမြို့ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ယခင်က စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲနှင့် မောင်တောခရိုင်စသည့် ခရိုင်(၅)ခုရှိခဲ့သည်။

ဆက်စပ် သတင်းများ