ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်သို့သွားမည့် နွား ၅၈ ကောင်ပါ နွားမှောင်ခိုစက်လှေတစ်စီးကို မာန်အောင်တွင် ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 353

နိရ ဉ္စရာ၊ မတ် ၁၈ / ၂ဝ၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်မည့် နွား ၅၈ ကောင်ပါ နွားမှောင်ခိုစက်လှေတစ်စီးကို ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဖမ်းမိခဲ့သည်ဟု ရခိုင်နေ့စဉ်သတင်းတွင်ဖော်ပြချက်အရ သိရသည်။
ဖမ်းဆီးခံလိုက်ရသည့်စက်လှေမှာ ရတနာထွန်းအမည်ရှိ စက်လှေဖြစ်ပြီး ယမန်နေ့ မတ်လ ၁၇ ရက် နေ့လယ်ပိုင်းတွင် မာန်အောင်မြို့နယ်၊ သစ်ဝအုပ်စု၊ သစ်ဝချောင်းအတွင်း ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်နေ့စဉ်သတင်းတွင်ဖော်ပြသည်။
ဖမ်းမိချိန်တွင် ယင်းစက်လှေအနီး ဆိပ်ကမ်းပေါ်၌ စက်လှေပေါ်တင်ဆောင်မည့် နွားထီး ၅ ကောင်၊ နွားမ ၅၃ ကောင်၊ စုစုပေါင်း ၅၈ ကောင်နှင့်အတူ နွားပိုင်ရှင် ၄ ဦး၊ နွားရောင်းဝယ်သူ ၁ ဦး၊ စက်လှေပိုင်ရှင် ၁ ဦး၊ စက်လှေလုပ်သား ၁၀ ဦးနှင့် နွားကျောင်းသား ၂ ဦးတို့ကိုပါ ဖမ်းမိခဲ့သည်ဟု သတင်းတွင်ဖော်ပြသည်။
နွားပိုင်ရှင်များအား စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးရမိနွားများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်ရောင်းချရန် မာန်အောင်မြို့နယ်အတွင်းမှ နွားတစ်ကောင်လျှင် ကျပ် ၄ သိန်းနှုန်းဖြင့် ဝယ်ယူပြီး သစ်ဝကျေးရွာ၌ စုဆောင်းကာ ရတနာထွန်းစက်လှေအား ငွေကျပ်သိန်း ၅၀ ဖြင့်ငှားရမ်း၍ စက်လှေပေါ်သို့ တင်ဆောင်ရန်ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
ဖမ်းဆီးရမိသည့်နွားများ၏ကာလတန်ဖိုးမှာ ကျပ်သိန်း ၂၄ဝ ကျော်တန်ဖိုးရှိသည်ဟု သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိနွားများအား သစ်ပုံနယ်မြေရဲစခန်း၌ ထိန်းသိမ်းထားပြီး နွားများနှင့်အတူဖမ်းမိသူများအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ