သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြေပုံ စညှင်းစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် ၃၃ ဦးကို ရှင်ပြုပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.5k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၂၅ / ၂၀၂၂
ရခိ်ုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ စညှင်းစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် ၃၃ ဦးအား ရှင်ပြုပေးခဲ့ကြောင်း သိရသည်။
အဆိုပါစခန်းအတွင်းရှိစစ်ဘေးရှောင်များအနက် ရှင်မပြုရသေးသော အသက် ၁၁ နှစ်မှ ၃ဝ နှစ်အထိ စစ်ဘေးရှောင် ၃၃ ဦးကို ယမန်နေ့ မတ်လ ၂၅ ရက်တွင် စခန်းတာဝန်ခံဖြစ်သည့် ကိုယ်တော်သဘာဝနဒီက သူ၏သက်တော် ၂၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိဘခွင့်ပြုချက်များကိုရယူကာ ရှင်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု ကိုယ်တော်သဘာဝနဒီက နိရဥ္စရာကို မိန့်သည်။
“ဒီလိုမျိုးကုသိုလ်မျိုးလုပ်ပေးရတာ အကြီးအကျယ် ပီတီဖြစ်မိတယ်။ ကိုယ်တော်အနေနဲ့ပြောရရင် ကိုယ့်တော်ကို လူ့လောကထဲကို အမေက မွေးပေးခဲ့တဲ့နေ့ရက်မျိုးမှာ ဒီလိုမျိုးလုပ်ခွင့်ရလို့ပါ”ဟု မိန့်သည်။
စညှင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၅၃ စု၊ လူဦးရေ ၂၄၂ ဦးရှိပြီး မြေပုံမြို့နယ်ထဲမှ အင်ကြင်း၊ ဟင်းခရော်၊ လီသွန်နှင့် ဒါးလက်ချောင်းစသည့် ကျေးရွာများမှ ဝင်ရောက်နေထိုင်နေကြခြင်းဖြစ်သည်ဟု သိရသည်။
သူတို့သည် ရခိုင်တွင် ၂ဝ၁၈ မှ ၂ဝ၂ဝ အထိဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်ကြသည်။
တောတောင်ကိုမှီခိုစားသောက်နေကြသူများဖြစ်ပြီး ၄င်းတို့၏ကျေးရွာအနီး ယခုထိ စစ်တပ်စွဲထားမှုများရှိနေ၍ နေရပ်ပြန်မပြန်နိုင်သေးကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ