သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်စစ်ဘေးရှောင်စခန်းမှ ပျောက်ဆုံးနေသည့် လူငယ် ၃ ဦး ပြန်လည်ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 5.3k

နိရဥ္စရာ၊ မေ ၂၄/ ၂၀၂၂
ပြီးခဲ့သည့် မေလ ၁၆ ရက်မှစတင်ကာ သတင်းအစအနမရရှိဘဲ ပျောက်ဆုံးသွားသည့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ပြည်လုံးချမ်းသာ စစ်ဘေးရှောင်စခန်းမှ လူငယ် ၃ ဦးသည် ယနေ့ညနေပိုင်းတွင် စစ်ဘေးရှောင်စခန်းသို့ ၎င်းတို့၏မိဘများနှင့်အတူ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလူငယ်သုံးဦးမှာ မောင်နေထွန်းဦး (၁၇ နှစ်)၊ မောင်အောင်မျိုးခန့် (၁၆ နှစ်)နှင့် မောင်ခိုင်မျိုးလင်း (၁၇ နှစ်)တို့ဖြစ်သည်။
သူတို့သည် မေလ ၁၆ ရက်နေ့က သံတွဲမြို့နယ်သို့ အလုပ်သွားလုပ်ရန် ဆိုင်ကယ်ဖြင့်သွားရာတွင် အမ်းမြို့နယ် ကဇူးကိုင်းစစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်နှင့်ထောက်ခံစာပါမပါစစ်ဆေးခံရစဉ်တွင် ကြောက်လန့်၍ မိဘများအား စစ်တပ်ကဖမ်းဆီးသွားပြီဖြစ်ကြောင်း ဖုန်းဆက်ပြောခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
လက်ရှိတွင် ၎င်းတို့အလုပ်လုပ်ရန်သွားရောက်သည့် သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာမှ မိဘများက ၎င်းတို့အား သွားရောက်ခေါ်ယူခဲ့ပြီး ယနေ့ မေလ ၂၄ ရက် ညနေပိုင်းတွင် ပြန်လည်ရောက်ရှိနေပြီဟု သိရသည်။
၎င်းလူငယ် ၃ ဦးသည် စစ်ဘေးရှောင်စခန်းတွင်နေထိုင်စဉ် အထောက်အပံ့များလည်းမရရှိသဖြင့် မိဘများကိုတစ်ဘက်တစ်လမ်းက ကူညီပေးချင်သဖြင့် မိမိတို့စိတ်သဘောဆန္ဒအတိုင်း အလုပ်လုပ်ရန်သွားရောက်ခဲ့ခြင်းဖြစ်သည်ဟုပြောဆိုကြောင်း ကိုနေထွန်းဦး၏ဖခင်က ပြောသည်။
"ကျနော်တို့ကို သူတို့ကအဲလိုပြောခဲ့ရင် ကျနော်တို့မိဘတွေက စိတ်မကောင်းစရာတွေကို မမြင်ရက်ဘူးလေ။ အဲလိုမျိုးအသိမပေးခဲ့တာတစ်ခုက ပိုဆိုးသွားတာပေါ့လေ"ဟုပြောသည်။
၎င်းတို့သုံးဦးသည် မေလ ၁၆ ရက်က ၎င်းတို့နေထိုင်သည့် စစ်ဘေးရှောင်စခန်းမှ ပုဏ္ဏားကျွန်းမြို့သို့ဆိုင်ကယ်ဖြင့် သွားခဲ့ပြီး ထိုမှတဆင့် သံတွဲမြို့နယ်သို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့သုံးဦးအထဲမှ မောင်အောင်မျိုးခန့်သည် စစ်သားများက သူတို့ကို ဖမ်းထားကြောင်း ယင်းနေ့ ညနေ ၄ နာရီခန့်တွင် မိဘကိုဖုန်းဆက် အကြောင်းကြားခဲ့ပြီးနောက် ဖုန်းပိတ်သွားခဲ့သဖြင့် မိဘများက စစ်ကောင်စီတပ်များက ရသေ့တောင်-ပုဏ္ဏားကျွန်းလမ်းခုလတ်တွင် ၎င်းတို့သုံးဦးအား ဖမ်းဆီးခဲ့သည်ဟု မီဒီယာများအား ဖြေဆိုခဲ့ကြသည်။
လက်ရှိတွင် ၄င်းတို့ပြန်လည်ရောက်ရှိနေပြီဖြစ်၍ လူပျောက်တိုင်တန်းထားခြင်းကိုလည်း မနက်ဖြန်တွင် အမှုပြန်ပိတ်သွားမည်ဖြစ်ကြောင်း မိဘများက ပြောသည်။ (NN-8)
(ဓာတ်ပုံ- Citizen Journalist)

ဆက်စပ် သတင်းများ