ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကျောက်ဖြူ သံဇစ်မြစ်တွင်ပျောက်ဆုံးနေသော ဆယ်ကျော်သက်ညီအစ်ကို ၂ ဦးအားသေဆုံးလျက်ပြန်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 4k

နိရဉ္ဇရာ ဇွန် ၆/၂ဝ၂၂
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် သံဇစ်မြစ်တွင် ပျောက်ဆုံးနေသော ဆယ်ကျော်သက်ညီအစ်ကို ၂ ဦးအား သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။
အဆိုပါကလေး ၂ ဦးမှာ ကျောက်ဖြူမြို့ သန်ပန်ချောင်းရပ်ကွက်မှ အသက် (၁၅)အရွယ် မောင်ပိုင်စိုးမိုးနှင့် အသက် (၁၀)နှစ်အရွယ် မောင်စိုးပိုင်တို့ ညီကိုအရင်းဖြစ်ကြသည်။
သေဆုံးနေသည့်သူတို့ညီအစ်ကို ၂ ဦး၏ရုပ်အလောင်းကို ယမန်နေ့ ဇွန်လ ၅ ရက် နံနက်ပိုင်းတွင် သံဇစ်မြစ်ကမ်းနံဘေး၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သွားရောက်ရှာဖွေရာတွင်ပါဝင်ခဲ့သည့် ကျောက်ဖြူမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ဒုမြို့နယ်တပ်ဖွဲ့မှူး ကိုဝင်းနိုင်ထွန်းက နိရဉ္စရာသတင်းဌာနကို ပြောသည်။
"ကျွန်တော်တို့ ဇွန်လ ၄ ရက်နေ့က ၈ နာရီခွဲကနေ ၁၂ နာရီအချိန်ထိ ရှာတယ်။ မတွေ့ဘူး။ မနက်ရောက်တော့ပြန်ရှာဖို့လုပ်တော့ သံဇစ်မြစ်ကမ်းနားမှာ သေဆုံးပြီး တင်နေတာတွေ့ရပါတယ်"ဟု ပြောသည်။
သူတို့ညီအစ်ကိုနှစ်ဦးသည် ဇွန်လ ၄ ရက် ညနေ ၄ နာရီခွဲခန့်က သံဇစ်မြစ် အတွင်း အမှတ်(၁)ဆိပ်ကမ်းနှင့် အမှတ်(၃)ဆိပ်ကမ်းအကြားတွင် ရေကူးနေစဉ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
သူတို့သည် ကျောင်းမနေကြတော့ဘဲ မိဘကို ဝိုင်းကူလုပ်ပေးနေကြသူများ ဖြစ်သည်။
သူတို့အလောင်းများကို ယမန်နေ့ညနေပိုင်းတွင် ကျောက်ဖြူမြို့မသုသာန်၌ သင်္ဂြိုလ်ခဲ့သည်ဟု သိရသည်။ (NN-13)

ဆက်စပ် သတင်းများ