သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဖမ်းဆီးမှုများပေါ်ပေါက်ခဲ့သောမြို့တော်စစ်တွေ၏ နေ့ပိုင်းအခြေအနေ ပုံမှန်ပြန်ဖြစ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 5.6k

နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၂
ဖမ်းဆီးမှုများကြောင့် ခြောက်ကပ်တိတ်ဆိတ်သွားခဲ့သော ရခိုင်ပြည်နယ် မြို့တော်စစ်တွေ၏ လက်ရှိနေ့ပိုင်းအခြေအနေမှာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာပြီဟု သတင်းရရှိသည်။
စစ်တွေမြို့ခံတစ်ဦးက "နေ့လယ်ပိုင်းဆိုရင်တော့ အသွားအလာတွေက ရှိတယ်၊ ပုံမှန်ပါပဲ။ ဒါပေမယ့် ညနေဘက် ၉ နာရီလောက်ဆိုရင်တော့ သိပ်အပြင် မထွက်ကြတော့ဘူး။ ဖမ်းတဲ့အထဲမှာပါသွားမှာကို စိုးရိမ်ကြလို့လေ" ဟုပြောသည်။
ယခင်ရက်ပိုင်းက စစ်ကောင်စီအရာရှိ တစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို အေအကေ ဖမ်းဆီးပြီးနောက် စစ်ကောင်စီဘက်ကလည်း မြို့ကိုပိတ်ဆို့ကာ အရပ်သားပြည်သူများကို ဖမ်းဆီးမှုများရှိခဲ့သဖြင့် မြို့ပေါ်တွင် အသွားအလာ မရှိသလောက်နည်းပါးခဲ့ပြီး မြို့မှာ တိတ်ဆိတ် ခြောက်ကပ်သွားခဲ့သည်။
“ ဇွန်လ ၂၃ ရက်နေ့က စစ်တွေကနေ စစ်တပ်ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သား တစ်ဦးတို့ကို အေအေက ဖမ်းခေါပြီးတဲ့နောက် နာရီပိုင်းအတွင်းမှာဘဲ စစ်သားတွေက စစ်တွေမြို့ဒေသခံတွေကို ဖမ်းဆီးတာ၊ အ ရပ်ကွက်တွေ အထဲထိ ဝင်လာပြီး ဧည့်စာရင်းစစ် ဝင်ဖမ်းတာ၊ လမ်းတွေကို ပိတ်ဆို့ပြီး အစစ် အဆေးတွေ တင်းကျပ်လိုက်တော့ လူတွေက လမ်းပေါ်မထွက်ကြတော့ မြို့က ခြောက်ကပ် တိတ်ဆိတ်သွားခဲ့တယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
စစ်တွေအခြေအနေမှာ နေ့ပိုင်း ပုံမှန်အနေအထားသို့ ရောက်ရှိလာသော်လည်း စစ်တွေမြို့တွင် အရပ်သားဒေသခံ အနည်းဆုံး ၂၀ ကျော်ထိ ဖမ်းဆီး ခံထားရသဖြင့် စိုးရိမ်မှုများရှိနေဆဲဟု သိရသည်။
ယမန်နေ့ ဇွန်လ ၂၅ ရက်တွင် တနင်္ဂနွေအားလပ်ရက်ဖြစ်သဖြင့် မြို့ပေါ် လမ်းများနှင့် အနားယူရာ စစ်တွေကမ်းခြေနှင့် ပွိုင့်တို့တွင် ပုံမှန်အတိုင်း အပန်းဖြေရန် လာရောက်သူများရှိခဲ့သည်ဟု သိရသည်။
စစ်ကောင်စီမှ စစ်တွေမြို့တွင်း အစစ်အဆေးဖမ်းဆီးမှုများ လျော့နည်း လာခဲ့သဖြင့် မိသားစုများ စားဝတ်နေရေးအတွက်လည်းကောင်း၊ ပုံမှန်နေ့စဉ် အလုပ်များကို ဆောင်ရွက်ရန်လည်းကောင်း စစ်တွေမြို့အတွင်း ပုံမှန် လှုပ်ရှားသွားလာမှုများပြန်ဖြစ်လာသည်ဟု စစ်တွေမြို့ခံတစ်ဦးကပြောသည်။
သို့သော်လည်း ဇွန်လ ၂၄ ရက်နေ့ နံနက်ကစပြီး စစ်တွေမြို့မှ အခြားမြို့များသို့ ပြေးဆွဲသည့် ရေယာဉ်လိုင်းများကို ဆက်လက် ပိတ်ထားဆဲဖြစ်သဖြင့် ခရီးသည်များနှင့် ကုန်သည်များမှာ အထူး အခက်အခဲဖြစ်နေရကြောင်း သိရသည်။
စစ်တွေမြို့မှ ဖမ်းဆီးခံထားရသူများမှာလည်း ဖမ်းဆီးခံရပြီးနောက်ပိုင်းတွင် သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။(NN-8)
(ဓာတ်ပုံ- ယနေ့ စစ်တွေမြင်ကွင်း)

ဆက်စပ် သတင်းများ