စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရန်ကုန်တွင်ကျောင်းတက်ရင်းပျောက်ဆုံးသွားသည့် ရခိုင်မှ Grade 10 ကျောင်းသူကို ယနေ့ ပြန်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.9k

နိရဥ္စရာ၊ ဇူလိုင် ၂၅/ ၂၀၂၂
ရန်ကုန်တွင်ကျောင်းတက်နေရင်း ပျောက်ဆုံးသွားသည့် ရခိုင်မှ Grade 10 ကျောင်းသူကို ယနေ့ ပြန်လည်တွေ့ရှိပြီဟု သိရသည်။
ပျောက်ဆုံးသွားသူမှာ ရန်ကုန်မြို့၊ ထောက်ကြန့်မြို့နယ်ရှိ စွယ်စုံကိုယ်ပိုင်အထက်တန်းကျောင်းတွင် Grade 10 အတွဲ(၇) ဇီဝဘာသာတွဲကိုတက်နေသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မလင်းလဲ့ရွှေရည်(ခေါ်)မမေပြည့်ဖြိုးဖြစ်သည်။
သူမကို ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့ အိုးတန်းရပ်ကွက်၊ ဇေယျာသီရိ(၂)လမ်းရှိ ဒေါ်မူမူမြင့်ဆိုသူ၏နေအိမ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မလင်းလဲ့ရွှေရည်၏ဦးလေး ဦးအောင်စိုးက နိရဥ္စရာကိုပြောသည်။
“ကလေးက ထောက်ကြန့်ကနေ ကားတစ်စီးနဲ့ပါသွားတယ်လို့ ပြောတယ်။ အဲဒီမှာ တိုက်ကြီးစျေးနားမှာ အဲဒီအမျိုးသမီးက ဆိုက်ကားစီးရင်းတွေ့လို့ ကလေးလည်း လမ်းပျောက်လို့လိုက်သွားတယ်အဲလိုမျိုးပြောပါတယ်။ သူက ကလေးကိုမေးတော့ ကလေးက စွယ်စုံမှာတက်တယ်ဆိုတဲ့အကြောင်းပြောတဲ့အခါ စွယ်စုံစာသင်ကျောင်းကို ဒီကနေ့မနက်က လာပြီးအကြောင်းကြားတာ”ဟု ပြောသည်။
ထိခိုက်ဒဏ်ရာများမရှိဘဲ ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယနေ့ညနေပိုင်းတွင် ထောက်ကြန့်မြို့ရှိ သူမနေထိုင်ရာအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဟု သိရသည်။
မလင်းလဲ့ရွှေရည်သည် ထောက်ကြန့်မြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ အောင်သပြေ(၅)လမ်းရှိ အဒေါ်ဖြစ်သူဒေါ်ကျော့စန္ဒာမြင့်နှင့်အတူနေထိုင်စဉ် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီခန့်က အိမ်တွင် လူမရှိခိုက် နေအိမ်မှ တစ်ဦးတည်းထွက်သွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံ - မလင်းလဲ့ရွှေရည်ကို ယနေ့ပြန်တွေ့ပြီးနောက် ရန်ကုန်ရှိ ရခိုင်အမျိုးသားကွန်ရက်ရုံးတွင် တွေ့ရစဉ်။ Photo – Tin Htoo Aung

ဆက်စပ် သတင်းများ