- Web Master
- ၀၆ စက်တင်ဘာ ၂၀၂၃
နိရဥ္စရာ၊ မေ ၂၄/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာအနီး ပင်လယ်ကမ်းစပ်တွင် ဒီရေကျသွားချိန် အလွန်လှပသော သဘာဝ သန္တာကျောက်တန်းတစ်ခု ပေါ်ထွက်လာသဖြင့် သွားရောက် ကြည့်ရှု သူများဖြင့် အထူးစည်ကားနေသည်ဟု သတင်းရရှိသည်။
မာန်အောင်မြို့မှ လူမှုရေးလူပ်ရှားဆောင်ရွက်နေသူ ကိုကျော်မိုးနိုင်က “ ဒီသဘာဝ သန္တာကျောက်တန်းက အရင်ကတည်းက ရှိပါတယ်။ ပြင်ကောက်ရွာအနီး ပင်လယ်ကမ်းစပ်မှာပါ။ အခုက ဒီရေခမ်းချိန်ဆို ရေပေါ်ကနေ ပေါ်ထွက်လာတယ်။ ဒီရေ ကျသွားရင် သန္တာကျောက်တန်းကို ဆင်းကြည့်လို့ရတယ်။ ကျောက်ပွင့်၊ ကျောက်ပန်းတွေနဲ့ အလွန်လှပတဲ့ အတွက် ဒေသခံတွေက သွားရောက်လည်ပတ်ကြည့်ရှုနေကြပါတယ်” ဟု သူက ပြောသည်။
ထိုသို့ လည်ပတ်ကြည့်ရှုရာတွင် တစ်ချို့ လူငယ်များက သန္တာကျောက်တန်းရှိ ပန်းပွင့်များကဲ့သို့ လှပနေသည့် ကျောက်ပွင့်၊ ကျောက်ပန်း၊ ကျောက်ခက်များကို ချိုးဖဲ့ ယူဆောင်နေကြသဖြင့် ၎င်း သဘာဝသန္တာကျောက်တန်း ပျက်စီးသွားမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောဆိုသည်။
“ ကျွန်တော်တို့ ဒီနေ့ နေ့လယ်လောက်ဆိုရင် သွားကြည့်ဖို့ရှိပါတယ်။ ဒီကျောက်တန်းကို ထိန်းသိမ်းဖို့ ကော်မတီ တစ်ရပ်ဖွဲ့စည်းပြီး ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ရှိပါတယ်။ မပျက်မစီးရအောင် ဒေသခံတွေကို ပညာပေးဟောပြောမှုတွေ ပြုလုပ်ပြီး တားဆီးသွားပါမယ်” ဟု ပြောကြားသည်။
သန္တာကျောက်တန်းမှာ တစ်မိုင်ခန့် အရှည်ရှိမည်ဟု ခန့်မှန်းရပြီး ပြင်ကျယ်ကြီး တစ်ခု ဖြစ်နေကာ ဒီရေကျပြီး လုံးဝ ရေစစ်သွားချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု မာန်အောင် ဒေသခံ ကိုတင်ဝင်းက ပြောဆိုသည်။
“ အရင်ကတည်းက ဒီသန္တာကျောက်တန်းက ရှိပါတယ်။ ဒါပေမယ့် အခု ဒီရေအကြီးအကျယ်ကျတော့ အပေါ်ကို ပေါ်ထွက်လာသလို ဖြစ်နေတယ်ပေါ့နော်။ ဒါကြောင့် လူတွေလည်း ပိုသိလာတာပေါ့။ သန္တာကျောက်တန်းက ရေအောက်မှာ ရှိနေတော့ ကျောက်ပန်းတွေက လူတွေ လက်နဲ့ ဖဲ့ယူလို့ ရအောင်ထိ မွနေပါတယ်။ အလွန်လှပတဲ့ သဘာဝ ကျောက်တန်းပါ” ဟု ပြောဆိုသည်။
၎င်းသဘာဝ သန္တာကျောက်တန်းကို လွန်ခဲ့သော တစ်ရက်နှစ်ရက်စပြီး ဒေသခံ ပြည်သူများ သွားရောက် လည်ပတ် ကြည့်ရှုနေကြပြီး မေလ ၂၃ ရက်နေ့ကဆိုလျှင် ဒေသခံ ပြည်သူ ထောင်နှင့်ချီပြီး လာကြည့်ကြသည်ဟု သိရသည်။