ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မင်းပြားမြို့ရှိ အများသုံး ရေကန်တစ်ခု၌ ငါးများ သေဆုံးမှုဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 2.3k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇွန် ၂၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ စျေးဟောင်းပိုင်းရပ်ကွက်မှ အများသုံးသည့် ရေကန်တစ်ခုတွင် ငါးများသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

စျေးဟောင်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းက “ အဲဒီကန်က သောက်ရေကန်တော့ မဟုတ်ဘူး ပေါ့နော်။ လျှော်ဖွတ်ဖို့အတွက် သုံးတာပါ။ လူတွေက အဲဒီကန်က ငါးတွေကို လာမျှားကြတာတွေ ရှိတယ်။ သူတို့က ဆေးခတ်သွားတာဖြစ်နိုင်တယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။ ငါးတွေက ပုပ်ပွပြီး အနံ့တွေက အရမ်းထွက်တယ်” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါငါးများသေဆုံးနေသည်ကို ယမန်နေ့ ည ၈ နာရီခန့်ကမှ သိရှိရကြောင်း၊ မည်သည့်အကြောင်းကြောင့် သေဆုံးနေသည်ကို သိလို၍ မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံ တင်ပြထားကြောင်းလည်း ဦးကျော်မင်းက ပြောသည်။

“ထွေအုပ်ကို တင်ပြတော့ အဲဒီက ဓါတ်ခွဲခန်းထဲမှာ စမ်းသပ်ဖို့အတွက် ရေတစ်လီတာ ယူခဲ့ဆိုလို့ ကျွန်တော် ဒီနေ့မနက်က သွားပေးခဲ့ပါတယ်။ ငါးက တစ်ကန်လုံးငါး သေတာပါ။ အကြီး၊ အလတ်၊ အငယ် အများကြီးပါ။ ငါးကကတိုက်၊ ငါးပြေ အဲဒီငါးတွေအပြင်နောက်ထပ် အများကြီး ပါပါသေးတယ်” ဟု ၄င်းက ပြောသည်။

ရေကန်ထဲမှ ငါးများအား ယနေ့ နံနက် ၇ နာရီခန့်က မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက် ရှင်းလင်းခဲ့ကြောင်းလည်း ၄င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ၄င်းတို့အနေဖြင့် ထိုရေကန်အား စစ်ဆေးမှုပြုလုပ်ရန် ပြင်ဆင်နေကြောင်း၊ မည်သည့်အကြောင်းဖြင့် ထိုငါးများ သေဆုံးမှု ဖြစ်သည်ကို လောလောဆယ် မသိရှိရသေးကြောင်း ပြောသည်။


ဆက်စပ် သတင်းများ