စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် မြစ်ချောင်းရေများ ညစ်ညမ်းမှု ထပ်မံဖြစ်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 2.9k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇူလိုင် ၂၇/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် မြစ်ချောင်းရေများ ညစ်ညမ်းမှု ထပ်မံဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ်တွင် ကျွဲချပေါက်ချောင်း၊ သင်္ဘောကွဲမြစ်နှင့် အမ်းချောင်းဝတို့မှ ရေများမှာ သံချေးရောင်ဖြစ်နေကာ ညစ်ညမ်းနေကြောင်း အမ်းမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။

ကိုမျိုးလွင်က “ရေမျက်နှာပြင်က မည်းနက်နေတာမျိုးတွေ ဖြစ်နေတယ်။ ရေထုညစ်ညမ်းမှုဆိုတာက သာမန် ရေနဲ့ မတူဘူးလေ။ ရေနံဆီပုံစံမျိုး သက်ရောက်မှုရှိနေတယ်။ ဒါပေမယ့် ရေနံဆီလိုတော့ ရေမျက်နှာပြင်မှာ အရောင်တွေ လဲ့လဲ့တောက်ပနေတာတော့ မဟုတ်ဘူးပေါ့။ ရေလုပ်သားတွေဆီက သိရတာက သားငါး ပုစွန်ရတာတွေ လျော့ဆင်းသွားတယ်လို့ ပြောတယ်။ သားငါးတွေ သေတာတွေတော့ မတွေ့ရဘူးပေါ့။ ဒါပေမယ့် ဒီရေထုညစ်ညမ်းမှုနဲ့ တိုက်ရိုက်ပတ်သက်မှုရှိ/မရှိတော့ ဒေတာအချက်အလက်တော့ ကောက်နေကြတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

ဇူလိုင်လ ၂၁ ရက်နေ့က အဆိုပါ ရေထုညစ်ညမ်းနေသည်ကို အမ်းမြို့နယ်မှ ဒေသခံများက တွေ့မြင်ကြရခြင်း ဖြစ်ကြောင်း ကိုမျိုးလွင်က ဆက်ပြောသည်။

“ဒီကိစ္စက အစိုးရမှာ တာဝန်ရှိတယ်ပေါ့နော်။ အစိုးရလုပ်ရမှာဖြစ်တယ်။ ကျွန်တော်တို့ ၂ဝ၁၈ ခုနှစ် တုန်းတွေကဆိုလည်း ဒီလိုမျိုးဖြစ်ခဲ့တယ်။ ရေက အနံ့တော့ မနံဘူးပေါ့။ အရောင်ကတော့ အတူတူပဲ။ အဲလိုဖြစ်ခဲ့ပြီးတဲ့နောက်မှာ ငါးတွေ သေတာတွေရှိခဲ့တယ်” ဟု ကိုမျိုးလွင်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ “ကျွန်တော့်ဆီကို အဲဒီကိစ္စနဲ့ပတ်သက်ပြီး စာတင်လာတာတွေ မရှိသေးဘူး။ နောက်ပြီး ကျွန်တော်တို့လည်း အဲဒါကို မကြားမိသေးဘူး။ ဟုတ်တယ်ဆိုရင်တောင် အခုက မိုးရာသီဆိုတော့ ရေနှောက်တာတွေတော့ ရှိရင်ရှိမှာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် ဇူလိုင်လ အတွင်းက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ထိုကဲ့သို့ ရေညစ်ညမ်းမှု များဖြစ်ပေါ်ပြီးနောက် အမ်းမြို့နယ်အပါအဝင် မြေပုံမြိုနယ်တို့တွင်လည်း ရေညစ်ညမ်းမှုများဖြစ်ပေါ်ခဲ့မှုကြောင်း သိရသည်။

ထိုကဲ့သို့ ရေညစ်ညမ်းမှုများဖြစ်ပေါ်ခဲ့ပြီးနောက် သားငါးပုစွန်နှင့် ဂုံးအမြောက်အများ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယင်းဂုံးအမြောက်အများ သေဆုံးနေသည်ကို ဖေ့စ်ဘုတ်စာမျက်နှာတွင် Live လွှင့်တင်ခဲ့သဖြင့် ကိုမျိုးလွင်အား ပြည်နယ်အစိုးရအဖွဲ့မှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) ဖြင့် တရားစွဲဆိုထား၍ လက်ရှိအချိန်ထိ အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ