ရခိုင်ဒီရေရောက်သစ်တောများကာကွယ်ထိန်းသိမ်းရေး ကိုယ်ထူကိုယ်ထ သစ်ပင် ၁၇ဝဝဝဝထိစိုက်ပျိုးပြီးစီး


ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ၂၆/၂ဝ၂ဝ

ရခိုင်ပြည်နယ်မှ မြို့နယ်သုံးခုတွင် ဒီရေရောက်တောများကာကွယ် ထိန်းသိမ်းရေးနှင့် သားငါးပုဇွန် မျိုးပွားနှုန်း မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ဒီရေတောသစ်ပင်များကို ကိုယ်ထူကိုယ်ထ စိုက်ပျိုးနေရာ လက်ရှိ အချိန်တွင် သစ်ပင်ပေါင်း ၁၇ဝဝဝဝ ခန့်စိုက်ပျိုးထားပြီဟု သိရှိရသည်။

၎င်းဒီရေတော သစ်ပင်များစိုက်ပျိုးမှုကို  အမ်းမြို့နယ်တွင် မြစ်ဝကျွန်းစုဒေသ၊ ကျောက်မြောင်းအုပ်စု နေရာဒေသ၊ နွားရုံတောင်အုပ်စု နေရာများနှင့် ကျောက်ဖြူမြို့နယ်၊ တောင်ကုတ်မြို့နယ်မှ မြစ်ကမ်းနားစပ် ဧရိယာတချို့လည်း ပြုလုပ်နေကြောင်း၊ စုစုပေါင်း ဧရိယာ ဧက ၁၆ဝဝ ခန့်ရှိကြောင်း သိရှိရသည်။

၎င်းသစ်ပင်စိုက်ပျိုးမှုကို ဒေသခံများနှင့် ပူးပေါင်ပြီး ကိုယ်ထူကိုယ်ထ လုပ်ကိုင်နေသူ ကိုမျိုးလွင်က “  အခုလို စိုက်ပျိုးရတဲ့ အဓိက ရည်ရွယ်ချက်က သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ကာကွယ်ချင်တယ်။ ကျနော်တို့ ဒေသမှာ ဒီရေတောတွေက ပြုန်းတီးလာတယ်။ ပြုန်းတီး လာတဲ့ အခါမှာ ရေသယံဇာတတွေ ရှားပါးလာတယ်။ ဒါတွေကို ကာကွယ်ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ စိုက်ပျိုးတာ ဖြစ်ပါတယ်။ စိုက်ပျိုးတာက ရေလုပ်သားတွေ အများစု နေထိုင်တဲ့ ဒေသတွေမှာ များပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောဆိုသည်။

၎င်းဒေသတွင် ဒီရေရောက်သစ်တောများ ပြုန်းတီးလာနေပြီး မထိန်းသိမ်း မကာကွယ်လျှင် ရေလုပ်ငန်းကို မှီခို အားထားပြီး လုပ်ကိုင်စားသောက်နေကြရသည့် ရေလုပ်သားများ နောင်တွင် အခက်အခဲများ ကြုံတွေ့ ရလာနိုင်ကြောင်း၊ ဒီရေတောများ ပြုန်းတီးလာရသည်မှာ အပိုင်း (၂) ပိုင်းရှိကြောင်း၊ တစ်ပိုင်းမှာ  ဒီရေတော များကို အသုံးချပြီး စီးပွားရေး လုပ်ငန်းရှင်တွေက ထင်း၊ မီးသွေး ထုတ်လုပ်လာမှုက တစ်ပိုင်းရှိကြောင်း၊ နောက်တစ်ပိုင်းမှာ စီးပွားရေး သမားများက ဒီရေရောက်တောများကို ဂရမ်ခံပြီး သားငါးပုဇွန် မွေးမြူရေးအတွက် သစ်ပင်များကို ခုတ်ထွင်းရှင်းလင်းပြပီး တာဘောင်တွေ ဆည်လာကြရာမှ ဒီရေတောများ ပြုန်းတီးလာရသည်ဟု ဆိုသည်။

“ ဒီရေရောက်တောတွေ ပြုန်းတီးလာတယ်။ ဒီအထဲမှာ ဒီရေရောက်သစ်တောတွေ အများကြီး ပါသွားတယ်ပေါ့။ ပါသွားတဲ့ အပြင် ဒေသခံ ရေလုပ်လုပ်ငန်းကို မှီခိုနေရတဲ့ အသက်မွေးဝမ်းကျောင်း ရှာဖွေစားသောက်တဲ့ နေရာတွေက အဓိက ဘောင်ကျဉ်းလာတယ်ပေါ့နော်။ ဒေသခံတွေ လုပ်ကိုင်စားသောက်မယ့် နေရာတွေက ပျောက်ကွယ် လာတယ်ပေါ့။ အဲဒါကြောင့် ရှိတဲ့ ဒီရေတောတွေကို ကျနော်တို့ ထိန်းသိမ်းမှ ဖြစ်မယ်။  နောက်ပြီး လိုအပ်တဲ့ နေရာတွေမှာ ကျနော်တို့ စိုက်တယ်။ အဲဒီဧရိယာ တစ်ဝန်းလုံးကိုထိန်းသိမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။ အဓိကတော့ အဲဒီထိန်းသိမ်းတာက ရေသယံဇာတတွေလည်း ပေါလာမှာပေါ့နော်။ နောက်တစ်ခုက တစ်ဦး တစ်ယောက်ပိုင် ဒီရေတော မဟုတ်ပဲနဲ့ ဒေသခံအများစုပိုင် ဒီရေတောဖြစ်လာမှာ ပေါ့နော်” ဟု ၎င်းက ပြောဆိုသည်။  

ယခုလို ဆောင်ရွက်ရာတွင် အစိုးရက ပူးပေါင်းဆောင်ရွက်မှု၊ ပံ့ပိုးကူညီမှုများလည်း မရှိသလို ကန့်ကွက်မှုလည်း တစ်စုံတစ်ရာ မရှိဟု သိရသည်။

“ ကျနော်တို့ ကိုယ်ထူကိုယ်ထပေါ့နော်။ ကိုယ်ထူကိုယ်ထ ဆိုတဲ့ အခါ ဒေသခံတွေ ပိုင်တဲ့ ဒီရေတော ဖြစ်ရမယ်။ စိုက်ပျိုးတာက ရေလုပ်သားတွေနဲ့ အဓိက လုပ်နေပါတယ်။ ရေလုပ်သားဆိုတဲ့ အခါ သူတို့ရဲ့ သားသမီးတွေ အဓိက ပါတာပေါ့။ လူတစ်ဦးတစ်ယောက်ပိုင်တဲ့ ဒီရေတော မဖြစ်ရဘူးပေါ့နော်။ လုပ်ငန်းရှင်တွေ ပိုင်တဲ့ ဒီရေတော့ မဟုတ်ပဲနဲ့ အဲဒီဒေသမှာရှိတဲ့ ဒေသခံအားလုံး ပိုင်တဲ့ ဒီရေတော ဖြစ်ရမယ်။ အဲဒီ ဒီရေတောထဲက ထွက်လာတဲ့ သယံဇာတကိုလည်း အားလုံးသူ လွတ်လပ်စွာ ရှာစားလို့ရအောင်ဆိုပြီး ကျနော်တို့ ရည်ရွယ်ထားပေါ့နော်။”

၎င်းစိုက်ပျိုးမှုကို ၂ဝ၂ဝ ခုနှစ်မှ စတင်ပြီး အဓိက အားစိုက်ပြီး လုပ်ကိုင်ခဲ့ကြောင်း၊ သဘာဝ အလျှောက် ပေါက်ရောက်နေသော အပင်များကို ထိန်းသိမ်းထားမှုဆောင်ရွက်နေသလို တစ်ခြားတစ်ဖက်တွင်လည်း စိုက်ပျိုးမှုကိုလည်း တစ်ပြိုင်တည်း လုပ်ဆောင်နေကြောင်း သိရသည်။

“ ဒီလို မစိုက်ရင် သဘာဝ အလျောက် ပေါက်ရောက်တဲ့ အပင်တွေဆိုပြီး လူတွေအများကြီးက သူတို့ ပိုင်တယ်ဆိုပြီး စီးပွားရေးသမားတွေက ဒီရေတောတွေကို ထင်း၊ မီးသွေးတွေ အများကြီး ထုတ်လာခဲ့ကြတယ်။ ကျနော်တို့ကိုယ်တိုင်စိုက်လာတဲ့ အခါကျတော့ ကျနော်ကိုယ်တိုင် ဟန့်လို့ တားလို့ရတယ်။ စီးပွားဖြစ် ခုတ်လှဲမယ်ဆိုရင် ကျနော်တို့ တားမြစ်လို့ရတယ်။ ထင်းမီးဆိုရင် ကျနော်တို့ အကန့်အသတ်နဲ့ ထုတ်မယ်။ နောက်ပြီးတော့ တစ်ဦးတစ်ယောက်ပိုင် ဥပမာ ဂရမ်ခံပြီးတော့ သားငါးပုဇွန် မွေးမြူရေး အကြီးအကျယ် ချုပ်ကိုင်လာတာရှိတယ်ပေါ့နော်။ အဲဒါကြောင့် ဒေသခံတွေက ရေလုပ်ငန်းကို မှီခိုနေရတဲ့ နေရာတွေက ကျဉ်းမြောင်းလာပြီးတော့ လုပ်ကိုင် စားသောက်မယ့်နေရာတွေက ကျဉ်းလာပြီး ရေလုပ်သားတွေ အခက်အခဲအများကြီး ကြုံလာတယ်။ အဲဒါကြောင့်လည်း ဒီရေတောတွေကို စိုက်လည်း စိုက်တယ်။ ရှိပြီးသား အပင်တွေကိုလည်း ထိန်းသိမ်းမယ်ဆိုပြီး ပုံစံမျိုးနဲ့ပဲ သွားနေတယ်ပေါ့” ဟု ပြောဆိုသည်။

အဓိက စီးပွားရေး မဟုတ်သည့်  ဒေသခံများ အသုံးပြုရန် အတွက် ထင်းမီးအတွက် အကန့်အသတ်ဖြင့် ထုတ်ခွင့် ပေးမည်ဖြစ်ကြောင်း၊ အဲဒီ ဒီရေတောများဆက်လက်ထိန်းသိမ်းခြင်းဖြင့် သားငါးသယံဇာများ ပေါများလာပြီး ဒေသခံများ လွတ်လွတ်လပ်လပ် အကန့်အသတ်မရှိ ရှာစား၍ ရအောင် ရည်ရွယ်ထားကြောင်း၊ ဒီရေရောက် တောများကို ယခုကဲ့သို့ ထိန်းသိမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ကာကွယ်နိုင်မည့် အပြင် ၎င်းဒီရေတောမြေကွက်များမှာလည်း အများပြည်သူပိုင် ဖြစ်လာမည်ဖြစ်သဖြင့်  ဒေသခံ ပြည်သူများ အတွက် များစွာ အကျိုးရှိမည်ဖြစ်ကြောင်း ကိုမျိုးလွင်က ပြောဆိုသည်။

(ဓာတ်ပုံ- ကိုမျိုးလွင်- အမ်း)

Share: