ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ဦးမြို့ဂုဏ်ကိုမြင့်တင်မည့် အမှိုက်ကောက်ကမ်ပိန်းလူပ်ရှားမှု မြောက်ဦးလူငယ်များအစည်းအရုံးစတင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.3k

နိရဥ္စရာ၊ ဒီဇင်ဘာ ၂ဝ/၂ဝ၂ဝ

မြောက်ဦးလူငယ်များအစည်းအရုံးမှ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် အမှိုက်ကောက်ပြီး မြို့ဂုဏ်ကိုမြင့်တင်မည့် ကမ်ပိန်းလူပ်ရှားမှုတစ်ခုကို ယခုလ ၁၇ ရက်နေ့က စတင်ခဲ့သည်ဟု သတင်းရရှိသည်။

မြောက်ဦးလူငယ်များအစည်းအရုံးမှ ဗဟိုကော်မတီ စည်းရုံးရေး တာဝန်ခံ မမျိုးအေးသွယ်က “ ကျွန်မတို့က ဒီကမ်ပိန်းကို ဒီလ ၁၇ ရက်နေ့က စတင်ပြီးပြုလုပ်တာဖြစ်ပါတယ်။ အဲဒီနေ့က ရှစ်သောင်းဘုရားနဲ့ ကိုးသောင်းဘုရားမှာ စကောက်ပါတယ်။ ပီးရင် အမှိုက်ပုံးတွေကိုထားပြီး စနစ်တကျအမှိုက်တွေကို ပစ်ကြဖို့ လူတွေသိအောင် တိုက်တွန်း နှိုးဆော်ထားပါတယ်” ဟု ပြောဆိုသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အမှိုက်စကောက်ပြီး ယနေ့ ဒီဇင်ဘာ ၂ဝ ရက်နေ့တွင် ထပ်မံ အမှိုက်ကောက်ခဲ့ကြကြောင်း၊ နောက်ထပ်လည်း ဆက်ကောက်သွားမည်ဖြစ်ကြောင်း သူမက ပြောဆိုသည်။

“ အဓိက ဒီလို လှုပ်ရှားရတာက အခုက ဒီဇင်ဘာဆိုတော့ ဘုရားဖူးတွေ၊ ခရီးသည်တွေ တော်တော် လာကြပါတယ်။ ခရီးသည်တွေတော်တော်များလာသလို အမှိုက်တွေလည်း နေရာတိုင်း များလာပါတယ်။ ဒီလို အမှိုက်တွေကို စနစ်တကျ မပစ်ကြတော့ နေရာတိုင်းမှာ အမှိုက်တွေနဲ့ မြို့ရဲ့ ဂုဏ်ကိုထိခိုက်လာပါတယ်။ ဒါကြောင့် အမှိုက်တွေကို စနစ်တကျပစ်ကြဖို့ ကျွန်မတို့က ကမ်ပိန်းလုပ်ရတာ ဖြစ်ပါတယ်။ ကျွန်မတို့က အမှိုက်ကောက်တဲ့ အပြင် အမှိုက်ပုံးတွေမှာ  အမှိုက်ထည့်ကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။” ဟု ပြောဆိုသည်။

၎င်းပြင် ဆောင်ပုဒ်များကို ဗီနိုင်းများတွင် ရေးသားပြီး ဆောင်ရွက်ခဲ့ကြကြောင်း ၎င်းတို့မှာ “စနစ်တကျအမှိုက်ပစ်လို့ မြောက်ဦးဂုဏ်ကိုမြှင့်တင်စို့” ၊ “ မြောက်ဦးအလှ ထိန်းသိမ်းဖို့ စည်းကျမ်းတကျ အမှိုက်ပစ်စို့” တို့ဖြစ်ကြသည်။

၎င်းအမှိုက်ကောက် ကမ်ပိန်းကို ဒီဇင်ဘာ ၃၁ ရက်နေ့ထိ လှုပ်ရှားမှု ပြုလုပ်သွားမည်ဖြစ်ပြီး မြောက်ဦးမြို့ လှပရေးကို စိတ်ဝင်စားသူ လူငယ်များ ပုူးပေါင်း ပါဝင်ရန်ကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

၎င်းပြင် အမှိုက်ကောက်ခြင်း၊ အမှိုက်များသန့်ရှင်းခြင်း၊ အမှိုက်နှင့် ပတ်သက်ပြီးအသိပညာပေးခြင်းများကိုလည်း မြောက်ဦးလူငယ်များ အစည်းအရုံးက ဆောင်ရွက်နေကြောင်း သိရှိရသည်။

(ဓာတ်ပုံ- မြောက်ဦးလူငယ်များ အစည်းအရုံးပို့စ်)

ဆက်စပ် သတင်းများ