သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်ဂွမြို့နယ် ကျွန်းနံ့သာအနီး ပင်လယ်ထဲမှ ရွှံ့မီးတောင်ဟု ယူဆရသော ပေါက်ကွဲတစ်ခု ဖြစ်ပွားခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 2k

နိရဥ္စရာ၊ ဇန်နဝါရီ ၄/၂ဝ၂၁

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှ မိုင် ၃ဝ၊ ၄ဝ ခန့် ဝေးသော ကျွန်းနံ့သာအနီးတွင် လွန်ခဲ့သော ဒီဇင်ဘာလက ပင်လယ်ထဲတွင် ရွှံ့မီးတောင်ဟု ယူဆရသော မီးတောင်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါ ရုပ်သံဖိုင်အား တင်ခဲ့သူ ကျိန္တလီမြို့မှ ကိုရန်နောင်စိုးအား ဆက်သွယ်ရာ ၎င်းက “ လွန်ခဲ့တဲ့ ၁၂ လပိုင်းကလို့ ပြောပါတယ်။ ကျွန်တော်သူငယ်ချင်း တစ်ယောက်က ရိုက်ပြီ ယူလာတဲ့အခါ ကျနော်က ဒီနေ့ တင် ပေးလိုက်တာပါ။ ပင်လယ်မှာ ဒီလို ဖြစ်နေတယ်ဆိုပြီး ပေးတော့ ကျနော်က ကူးပြီးတင်ထားလိုက်တာပါ။ လွန်ခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ဖြစ်ခဲ့တာလို့ သိရပါတယ်” ဟု ပြောကြားသည်။

၎င်းကျွန်းနံ့သာတွင် အရပ်သားများနေထိုင်ခြင်း မရှိဘဲ အမြောက်တပ်ရှိကြောင်း၊ ငါးဖမ်းရန်သွားကြသည့် လူငယ်များမှ ရေထဲမှ ထိုးထွက်လာသော ရေလုံးကြီးများကို တွေ့မြင်ခဲ့ပြီး ဖုန်းဖြင့် ရိုက်ယူလာခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဂွမြို့နယ်မှ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက “ အဲဒီကျွန်းနံ့သာအနီးမှာ ရေထဲက ရွှံ့မီးတောင် ပေါက်ကွဲတဲ့ ဖြစ်စဉ်ကတော့ ရှိပါတယ်။ တစ်နှစ်မှာ တစ်ခါ၊ ၂ နှစ်မှာ တစ်ခါ ရေအောက်ကနေ ရေပေါ်ထိ ပေါက်ကွဲတာ ရှိပါတယ်။ ဒီလို ပေါက်ကွဲတာတော့ ကြားသိရပါတယ်” ဟု နိရဥ္စရာသို့ ပြောကြားသည်။

ဒေသခံ တစ်ဦးဖြစ်သူ ကိုနီထွန်းအောင်က “ အဲဒီ ကျွန်းနံသာမှာ မကြာမကြာ မီးတောင်တွေက ချော်ရည်တွေကတော့ ဖြစ်တယ်။ဆိုးဆိုးဝါးဝါးတော့ မဟုတ်ဘူး။ အရင်ကနေ ရွံ့မီးတောင်တွေက ကျွန်းနံသာမှာလည်း ရှိပါတယ်။ ကျွန်းနံ့သာ ပတ်ဝန်ကျင်းအနီးမှာလည်း ရွံမီးတောင်တွေ ရှိတယ်။ ငါးဖမ်းစက်လှေတွေ သွားလို့ရှိရင်လည်း မကြာခဏ မြင်ရတယ်လို့ ပြောပါတယ်” ဟု ပြောသည်။

ဆက်စပ် သတင်းများ