သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေ အာကျိတ်တော်ကုန်းမှစွန့်ပစ်အမှိုက်ကျင်း မန်စီသုသာန်နောက်သို့ရွေ့ပြောင်းမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 2.6k

ထက်အောင်

နိရဉ္စရာ၊ မေ ၂၀/ ၂၀၂၁

စစ်တွေမြို့ အာကျိတ်တော်ကုန်းရှိ အမှိုက်စွန့်ပစ်ကျင်းကို လာမည့် ဇွန်လဆန်းကစပြီး မန်စီသုသာန်နောက်ဘက်သို့ ရွေ့ပြောင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယနေ့ မေလ ၂၀ ရက် ကြာသပတေးနေ့ နံနက်ပိုင်းက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးပြီးနောက် ထိုသို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသန်းထွန်းက အခုစစ်တွေ အာကျိတ်တော်ကုန်းမှာရှိတဲ့ အမှိုက်ကျင်းက အမှိုက်တွေ အလွန်များလာတယ်။ အဲလို အလွန်များလာတော့ အနံ့အသက် ဆိုးတွေ ထွက်တယ်။ အနံ့ဆိုတွေမထွက်အောင် မီးရှို့တဲ့ စနစ်ကို ကျင့်သုံးပြန်တော့လည်း ဘေးပတ်ဝန်းကျင်ကို မီးခိုနံ့တွေအများကြီး တက်တယ်။ အဲဒီ နေရာမှာ အမှိုက်ကျင်း မထားသင့်တော့ဘူးဆိုပြီး ဆုံးဖြတ်ကြတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း ယင်တွေကျပြီး ဆွမ်းသုံးဖို့ အခက်အခဲဖြစ်တယ်။ အဲဒီလိုဖြစ်လာတော့ ဇွန်လဆန်းကနေစပြီး အမှိုက်တွေ အားလုံးကို မန်စီမှာပဲ စွန့်ပစ်မှာဖြစ်တဲ့အတွက်ကြောင့် မန်စီသုသာန်နောက်မှာ အမှိုက်ကျင်းတည်ဆောက်ရေးကို သွားကြည့်တာဖြစ်ပါတယ်ဟု ရှင်းပြ ပြောဆိုသည်။

နိရဉ္စရာ သတင်းဌာနမှ သတင်းသမားများက မန်စီသုသာန်နောက်ဘက်တွင် လက်ရှိ တည်ဆောက်နေသည့်  အမှိုက်ကျင်းသို့  သွားရောက် လေ့လာခဲ့ပြီး ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းအား မေးမြန်းစဉ် အမှိုက်များ စနစ်တကျ စွန့်ပစ်ရေးနှင့် ပတ်သက်၍ အခြေအနေအရပ်ရပ်ကို ရှင်းပြသွားခဲ့သည်။

အာကျိတ်တော်ကုန်းရှိ အမှိုက်ကျင်းတွေက စွန့်ပစ်ပစ္စည်းတွေကိုလည်း နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့  ရှင်းလင်းရေးလုပ်သွားမယ်။ အခု မန်စီသုဿန် နောက်ဘက်မှာ တည်ဆောက်ပြီးရင် အာကျိတ်တော်ကုန်းက အမှိုက်တွေကို ရှင်းထုတ်ပစ်မယ်ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ အာကျိတ်တော်ကုန်းရှိ အမှိုက်စွန့်ပစ်ကျင်းကို မန်စီသုသာနန်နောက်သို့ ပြောင်းရွေ့စွန့်ပစ်ရေး လုပ်ဆောင်မည်ဆိုခြင်းမှာ ကောင်းမွန်ကြောင်း ရခိုင်ပြည်နယ် တွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများမှာ တက်ကြွစွာ လှုပ်ရှား ဆောင်ရွက်နေသူ ကိုရန်နိုင်စိုးက မှတ်ချက်ပေးပါသည်။

 အဲဒါကတော့ ကျနော်အရင်တုန်းကလည်း အဲဒီ အာကျိတ်တော်ကုန်းက အမှိုက်ကျင်းကို သွားကြည့်ဖြစ်ပါတယ်။ အာကျိတ်တော်ကုန်းက အမှိုက်တွေ မီးရှို့လိုက်ရင် တစ်မြို့လုံးပြန့်သွားတယ်။အဲဒါက ပတ်ဝန်းကျင်မှာ လေထု ညစ်ညမ်းမှု ကိုလည်း ဖြစ်စေတယ်။ ဒါကြောင့် အမှိုက်ကျင်းကို မန်စီသို့ ပြောင်းရွေ့လိုက်တာ ကောင်းတယ်လို့မြင်တယ်။ အဝေးကို ရွေ့ပြောင်းသင့်တယ်။ ကျနော်တို့ နိုင်ငံမှာက အခြားနိုင်ငံတွေမှာလို ပြန်ပြီးအသုံးချရေး (Recycle)လုပ်ဖို့  စက်မရှိဘူးဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ အမှိုက်စွန့်ပစ်ကျင်းအသစ်(၁) ခု ပြုလုပ်သည့်နေရာသည် မန်စီကျေးရွာအနီးမှာ ဖြစ်သော်လည်း အမှိုက်စွန့်ပစ်ခြင်းကို အစိုးရတာဝန်ရှိသူများက လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် စိုးရိမ်စရာမရှိကြောင်း ကိုရန်နိုင်စိုး ကဆက်ပြောသည်။

အမှိုက်ကျင်းတည်ဆောက်မည့် နေရာသစ်အား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးအောင်ကျော်မင်း၊ အဖွဲ့ဝင် ရခိုင်ပြည်နယ် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ဦးသန်းထွန်း နှင့် အခြားဒေသအာဏာပိုင်များ ပါဝင်သည်။

ဆက်စပ် သတင်းများ