သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

လူငယ်များဦးဆောင်ပြီး အမ်းနှင့် မြောက်ဦးတွင် သစ်ပင်ရေ (၁) ထောင်ကျော်စိုက်ပျိုး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 3.2k

ထက်အောင်
နိရဥ္စရာ၊ ဇွန် ၁၇/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မြောက်ဦးမြို့ပေါ်တို့တွင် လူငယ်များဦးဆောင်ကာ သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုများကို ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပြီး အပင်ရေ (၁) ကျော်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်အတွင်း စိုက်ပျိုးခဲ့သည့် အပင်အမျိုးအစားမှာ အရိပ်ရ ကုက္ကိုလ်ပင်မျိုးဖြစ်သည်။
ကုက္ကိုလ်ပင်များ၏ နောင်အချိန်တွင် ကြီးထွားလာမည်ကို တွက်ဆကာ ဧကပေါင်း (၃၀) တွင် အပင်ရေ (၃၀၀) ကျော်အား မြို့နှင့် (၁) မိုင်ကျော်ခန့်အကွာ ရိုးတောင်တစ်နေရာတွင် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်စိုက်ပျိုးသူ ကိုမျိုးလွင်က ပြောသည်။
ကိုမျိုးလွင်က “ ကျနော်တို့ မနေ့က ဆိုရင် ကုက္ကိုလ်ပင် သီးသန့် စိုက်ပျိုးတာပါ။ အဓိက ရည်ရွယ်ချက်ကတော့ သစ်တောတွေ ပြုန်တီးလာတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိန်းတဲ့ သဘောပါ။ နောက်ပြီး အဲဒီ ကုက္ကိုလ်ပင်တွေ ကြီးထွားလာလို့ရှိရင် လူတွေအနားယူလို့ရဖို့နဲ့ လေ့လာရေးတွေလုပ်ဖို့ရအောင် ကုက္ကိုလ်စိုက်ခင်းဆိုပြီး သီးသန့်လုပ်တာ ဖြစ်ပါတယ်။” ဟု ပြောသည်။
ကိုမျိုးလွင်တို့ လှုပ်ရှားဆောင်ရွက်နေသည့် သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားမှုတွင် ပြီးခဲ့သော ၂၀၁၉ ခုနှစ်မှ ယခုနှစ်အထိ ကုက္ကိုလ်ပင်သီးသန့် စိုက်ပျိုးနေသည့် ရိုးတောင်ပေါ်နှင့် မြို့နယ်တွင်းရှိ ကျေးရွာချင်းဆက်လမ်းများတွင် ကုက္ကိုလ်ပင်၊ စိန်ပန်းပင်၊ ခရေပင် စသည့် အပင်ရေ (၃၀၀၀) ကျော် စိုက်ပျိုးထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အလားတူ ယမန်နေ့က နံနက်ပိုင်းက မြောက်ဦးမြို့ပေါ်ရှိ ကိုးနဝင်းတောင်ပေါ်တွင် ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှု၌ မြောက်ဦးလူငယ်များအစည်းအရုံးနှင့် မြို့နယ်သစ်တောဦးစီးဌာနက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သစ်ပင်မျိုးစိပ် (၂) ခုဖြစ်သည့် မန်ဂျန်ရှားနှင့် ပြိုင်းအပင်ရေ (၈၂၀) ကို မြေနေရာ (၁) ဧကနီး ပါးတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြောက်ဦးလူငယ်များအစည်းအရုံးမှ ဥက္ကဋ္ဌ ကိုခိုင်မင်းသျှင်က “သစ်ပင်စိုက်ပျိုးရေးလုပ်တာကတော့ ကျနော်တို့အဖွဲ့အစည်းအနေနဲ့ ဒါပထမဆုံးအကြိမ်လုပ်ဖြစ်တာပါ။ သစ်ပင်စိုက်ပျိုးတဲ့အခါတော့ ကျနော်တို့အဖွဲ့က လူငယ်အားလုံး (၂၀) ကျော်၊ သစ်တောဌာနက လူပေါင်း (၁၀) ကျော် အားလုံး လူ(၃၀) ကျော်လောက်နဲ့ သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။” ဟု ပြောသည်။
ယခုကဲ့သို့ သစ်ပင်များစိုက်ပျိုးရေးလှုပ်ရှားဆောင်ရွက်မှုသည် ကိုယ်ထူကိုယ်ထ လုပ်ဆောင်ခြင်းဖြစ်ပြီး စိုက်ပျိုးလိုက်သည့် အပင်များကို ပြန်လည်ပြုစုပျိုးထောင် ထိန်းသိမ်းရေးတွင် အခက်အခဲရှိကြောင်း သိရသည်။
Photo- MUYA, Ko Myo Lwin/ facebook

ဆက်စပ် သတင်းများ