ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

အာရှတွင် ဒုတိယအကြီးဆုံးဖြစ်သည့် ရခိုင်မှဝန်ဖိုက်ဒီရေတောရှိ အရွယ်ရောက်သစ်ပင် ၇၅ ရာနှုန်းအထိပြုန်းတီးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.3k

အေးမြတ်ခိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၂/၂၀၂၁
အာရှတွင် ဒုတိယအကြီးဆုံးဖြစ်သည့် ရခိုင်ပြည်နယ်မှ ရမ်းဗြဲမြို့နယ်က ဝန်ဖိုက်ဒီရေတောရှိ အရွယ်ရောက် သစ်ပင်များ၏ ၇၅ ရာခိုင်နှုန်းခန့်မှာ ခုတ်ထစ်ခံရပြီး ပြုန်းတီးမှုရှိနေကြောင်း သတင်းရရှိသည်။
မီးသွေးထုတ်လုပ်မှု၊ အုတ်ဖုတ်မှုများနှင့် ထင်းလောင်စာအဖြစ်အသုံးမှုများပြားလာသည့်အတွက် သစ်ပင်ခုတ်မှုများကြောင့် သစ်ပင်ကြီးများမရှိသလောက်ရှားပါးလာပြီး အပင်ငယ်များသာကျန်ရှိတော့ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။
“ဝန်ဖိုက်ဒီရေတောထဲမှာ ကျွန်တော်တို့ကောက်ထားတဲ့ အချက်အလက်အရ အရွယ်ရောက်ပြီးသား အဖိုးတန်သစ် ၇၅ ရာခိုင်နှုန်းကျော်ကျော်လေးလောက်အထိ ပြုန်းတီးသွားပြီ။ အရွယ်မရောက်သေးတဲ့ အပင်သေးသေးလေးလောက်ပဲ ကျန်တော့တယ်”ဟု ပြောသည်။
ပြည်သူများလည်း ဒီရေတောများ၏တန်ဖိုးကိုသိရှိမှုအားနည်းပြီး အစိ်ုးရအနေနှင့်လည်း စည်းမဲ့ကမ်းမဲ့သစ်ခုတ်နေမှုများအပေါ် စနစ်တကျထိန်းသိမ်းရန်း လိုအပ်ကြောင်း ၄င်းက ပြောသည်။
ဝန်ဖိုက်ဒီရေတောသည် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင်ရှိပြီး အာရှတိုက်တွင် ဒုတိယအကြီးဆုံးဒီရေတောဖြစ်သည်။
၁၉၃၀ ခုနှစ်က ကြိုးဝိုင်းအဖြစ်သတ်မှတ်ခဲ့ပြီး ဧရိယာအားဖြင့် ဧက (၅၆,၆၃၃)ဧကရှိသည်ဟုလည်း သိရသည်။
လက်ရှိတွင် ဝန်ဖိုက်ဒီရေတောမှ တရားမဝင်သစ်ခိုးထုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း၊ ဖျက်ဆီးခြင်းများအားထိန်းသိမ်းကာကွယ်ရန် သစ်တောဦးစီးဌာနအနေဖြင့် တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်၊ သစ်တောနှင့် ဒီရေတောချစ်သူများပါဝင်သော လုံခြုံရေးအဖွဲ့ဖွဲ့ကာ ကင်းလှည့်ခြင်း ကိစ္စဆောင်ရွက်ရန်စီမံထားသည်ဟုလည်း ပြည်နယ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့၌ ထုတ်ပြန်ထားသည်။
ဦးလှသိန်းက “ဝန်ဖိုက်တောမှာ တရားမဝင် သစ်ခိုးခုတ်မှုတွေကို ထိန်းသိမ်းဖို့ သစ်တောဌာနကလည်း တာဝန်ယူ ဆောင်ရွက်ရမဲ့အပိုင်းတွေရှိပါတယ်။ ဒေသလုံခြုံရေးအခြေအနေကို အသုံးချပြီး အတ္တအကျိုးအတွက် ခိုးခုတ်နေကြသူတွေကိုလည်း ကျွန်တော်တို့ပြည်သူတွေက တာဝန်သိသိတားမြစ်မှု တစ်စုံတစ်ခု လုပ်ဖို့လိုပါတယ်”ဟု ဆိုထားသည်။
ဝန်ဖိုက်ဒီရေတောအတွင်း ဒီရေတောများ ပြုန်းတီးလာခြင်းမှာ အုပ်ချုပ်ရေးယန္တရားကိုအခွင့်ကောင်းယူကာ ဒီရေပင်များကို တရားမဝင် ခိုးထုတ်နေကြသည့်အတွက်ဖြစ်သည်ဟုလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားနေသူများက ပြောသည်။
ဒီရေတောများသည် ရခိုင်ကမ်းရိုးတန်းဒေသအတွက်သာမက တစ်ကမ႓ာလုံးအတွက် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များဖြစ်ပွားမှုမှ တားဆီးကာကွယ်နိုင်သည့်အစွမ်းသတ္တိရှိသလို ဇီဝမျိုးစုံမျိုးကွဲ၊ မျိုးစိပ်များအတွက် အလွန်တရားအရေးပါ၍ ဂရုတစိုက်ထိန်းသိမ်းကာကွယ်သင့်သည်ဟုလည်း ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(RCA) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က နိရဥ္စရာကိုပြောဆိုထားသည်။
လက်ရှိတွင် ပျက်စီးပြုန်းတီးမှုများကို ရင်ဆိုင်နေရသည့် ဝန်ဖိုက်ဒီရေတောကိုု ကာကွယ်နိုင်ရန် ကာကွယ်ထိန်းသိမ်းရေးကော်မတီတစ်ခုကိုလည်း ရမ်းဗြဲမြို့နယ် အောင်စေတီဓမ္မာရုံတွင် စက်တင်ဘာလ ၂၉ ရက်က သဘာဝပတ်ဝန်းကျင်ရေးထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူ ၂ဝ ကျော်ဖြင့် ဖွဲ့စည်းထားသည်ဟုလည်း သိရသည်။
Photo - Ko Myo Lwin Ann

ဆက်စပ် သတင်းများ