ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

နံ့သာကျွန်းတွင် စက်ကြီးများဖြင့် သဲတူးယူမှုများကြောင့် ကျွန်းဧရိယာနှင့် သန္တာကျောက်တန်းများပျက်စီးဆုံးရှုံးမှုရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.5k


အေးမြတ်ခိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၁/၂ဝ၂၁
ရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေအဖြစ်သတ်မှတ်ခံထားရသည့် ရခိုင်မှ နံ့သာကျွန်းတွင် စက်ကြီးများဖြင့်သဲထုတ်ယူနေမှုများကြောင့် ကျွန်းနယ်မြေဧရိယာဆုံးရှုံးမှုနှင့် သန္တာကျောက်တန်းပျက်စီးမှုများရှိနေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသူ ကိုရန်နောင်စိုးက ပြောသည်။
"လက်နဲ့တူးတာက အဲ့လောက်မဟုတ်သေးဘူး။ စက်နဲ့စုတ်တဲ့အခါမှာ မြစ်လယ်မှာမဟုတ်ဘဲ ကျွန်းနားကပ်ပြီး စက်နဲ့စုတ်လိုက်တော့ ရေအောက်ကသဲတွေဟာ ကလိုင်ခံပြီးပြိုကျလာတယ်။ ကျွန်းရဲ့နယ်မြေဧရိယာဟာလည်း လျော့ကျလာတယ်။ ရေအောက်မှာရှိတဲ့ သန္တာကျောက်တန်းတွေကို သဲဖုံးသွားတယ်။ သဲက လှိုင်းနဲ့ရေနဲ့ရွေ့တာကို အရင်က သန္တာကျောက်တန်းပေါ်နေတာ နည်းတာမဟုတ်ဘူး။ အဲ့ဒီကျောက်တန်းဟာ အခု လုံးဝမရှိတော့ဘူး"ဟု ပြောသည်။
စက်ကြီးများဖြင့် သဲတူးယူမှုများ နေ့တိုင်းရှိနေပြီး အစိုးရအနေဖြင့် တားမြစ်ထားသော်လည်း ထိထိရောက်ရောက်အရေးယူမှုမရှိကြောင်း ဆက်ပြောသည်။
နံ့သာကျွန်းသည် ရေမြေဧက ၂၂,၉၇၉ ဧကကျယ်ဝန်းပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၏ အနောက်မြောက်ဘက် (၁၀)မိုင်အကွာ၊ ရသေ့တောင်မြို့နယ်ရှိ မေယုမြစ်ဝနှင့် ဘင်္ဂလားပင်လယ်အော်ကြား ရသေ့တောင်မြို့နယ်အပိုင်တွင် တည်ရှိသည်။
ယင်းကျွန်းတွင် တစ်ကမ္ဘာလုံး၌ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိနေသော ရေညှောင့်နှုတ်ဝိုင်းငှက်များ အများဆုံးလာရောက်ဆောင်းခိုလေ့ရှိသည့်အပြင် နှုတ်တိုရှည်ငှက်နှင့် နော်မန်ခြေစိမ်းငှက်အစရှိသော ရွှေ့ပြောင်းငှက်မျိုးစိတ်များနှင့် ဌာနေငှက်များအပါအဝင် ပင်လယ်လိပ်မျိုးများ၊ ဧရာဝတီလင်းပိုင်၊ ရေနေသတ္တဝါများနှင့် ဒီရေတောများရှိသည့်အတွက် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည့် ရေဝပ်ဒေသနယ်မြေတစ်ခုဖြစ်ကြောင်း သိရသည်။
ယင်းသို့ သဘာဝမျိုးစိတ်များအတွက် အရေးပါသော နံ့သာကျွန်းတွင် ယခုကဲ့သို့ သဲများထုတ်ယူမှုကို နိုင်ငံတော်အနေဖြင့် ဆောလျင်စွာတားဆီးကာကွယ်သင့်သည်ဟုလည်း ရသေ့တောင်မြို့နယ် အငူမော်အုပ်ချုပ်ရေးမှူး ဦးကျော်လှိုင်က ပြောသည်။
"အများကြီးပဲ သဲတွေထုတ်နေကြတာ။ အဲ့ဒီကျွန်းကသဲတွေကို ဒီလောက်ထိထုတ်ယူလိုက်တာကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရကြည့်ရင် မလုပ်သင့်ဘူးလို့ ကျွန်တော်မြင်တယ်။ နံ့သာကျွန်းမရှိရင် ပင်လယ်ကလှိုင်းဟာ မယူမြစ်ထဲကိုတိုက်ရိုက်ဝင်တယ်။ သဲမထုတ်အောင် နိုင်ငံတော်အနေနဲ့ ထိန်းသိမ်းမှုတခုခုထားရင်တော့ ကောင်းမယ်" ဟု ပြောသည်။
အဆိုပါကျွန်းအား အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ပေးရန်လည်း ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လအတွင်းတွင် စစ်တွေမြို့နယ်သစ်တောဦးစီးဌာနက နေပြည်တော်ရှိ သစ်တောရုံးချုပ်အထိ တင်ပြခဲ့သော်လည်း အကြောင်းပြန်ခြင်းတစုံတရာမရှိသေးကြောင်း သိရသည်။
နံ့သာကျွန်းသည် ရေဝပ်ဒေသအချက် ၆ ချက်ဖြင့်ပြည့်စုံသည့်အတွက် ကမ္ဘာအနှံ့အပြားမှရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ်ရန်ဖွဲ့စည်းထားသည့် Ramsar အဖွဲ့၏ ရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေအဖြစ် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်တွင် သတ်မှတ်ခြင်းခံထားရသော ကျွန်းတစ်ကျွန်းဖြစ်သည်။
Ramsar အဖွဲ့ကသတ်မှတ်ထားသည့် ရေဝပ်ဒေသများတွင် မြန်မာနိုင်ငံ၌ နံ့သာကျွန်းအပါအဝင် ရေဝပ်ဒေသ ၆ ခုရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ