ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်ကမ်းလွန်တွင် သဘာဝဓာတ်ငွေ့သိုက် ရှာဖွေ တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 4.4k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၈/၂ဝ၂ဝ

ရခိုင်ကမ်းလွန်ရေနံလုပ်ကွက် A-3 မှာ မဟာ (၁)အစမ်းတွင်းမှသဘာဝဓာတ်ငွေ့ တစ်နေ့လျှင်ပျမ်းမျှ ကုဗပေ ၃၈သန်းကျော် အထိ ထုတ်ယူနိုင်မည့် သဘာဝ ဓာတ်ငွေ့သိုက် တစ်ခု စမ်းသပ်ရှာဖွေတွေ့ရှိကြောင်း တောင်ကိုရီးယား လုပ်ငန်းကြီး Posco International က ဖေဖော်ဝါရီ ၁၇ ရက်နေ့က ထုတ်ဖော်ကြေညာသည်။ 

ထိုအစမ်းတွင်း ရှာဖွေတွေရှိသည့် A-3 မှာ မဟာ (၁) အစမ်းတွင်း လုပ်ကွက်သို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့နှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက်နေ့ သွားရောက်ကြည့်ရှုစစ်ဆေးဟု အစိုးရ မှ ထုတ်ပြန်သော သတင်းများတွင် ဖော်ပြထားသည်။

ရခိုင် ကမ်းလွန်ရေနံလုပ်ကွက် A-3 မှာ မဟာ (၁) အစမ်းတွင်း ရှာဖွေရေးကို ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်တွင် Top Hole စတင်တူးဖော်ခဲ့ပြီး၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၁၉ ရက်တွင် ရည်မှန်းအနက် ၂၅၉၈ မီတာ (၈၅၂၄ ပေ) ထိ ရောက်ရှိ တူးဖော်နိုင်ခဲ့ကြောင်း၊   မဟာ(၁) ရှာဖွေရေးတွင်းတွင် စမ်းသပ်တိုင်းတာရရှိသော အချက်အလက်များအရ  သဘာဝဓာတ်ငွေ့ ခိုအောင်းနေသော ရည်မှန်းသဲကြော G4 ကို အနက် ၁၁၄၇ မီတာတွင် တွေ့ရှိခဲ့ပြီး သဲကြောအထူ ၁၂ မီတာ ပေ (၄ဝ) ခန့်မှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု စမ်းသပ်ခြင်း (Drill Stem Test) ကို ဆောင်ရွက်ခဲ့ရာ သဘာဝဓာတ်ငွေ့ တစ်နေ့လျှင်ပျမ်းမျှ  ကုဗပေ ၃၈ သန်းကျော် အထိ စမ်းသပ်ရရှိကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း၊ တူးဖော်ရေး သင်္ဘော(Drill-Ship) Maersk Viking သည် လုပ်ကွက်အမှတ် A-3 ရှိ ရှာဖွေရေးတွင်း ရန်အောင်မြင်(၁)ကို ယခုဖေဖော်ဝါရီလအတွင်း ဆက်လက် တူးဖော်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-1/A-3 တွင် POSCO international ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံ ONGC ကုမ္ပဏီမှ ၁၇ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံ GAIL ကုမ္ပဏီမှ ၈ ဒသမ ၅ ရာခိုင်နှုန်း နှင့် ကိုရီးယားနိုင်ငံ KOGAS ကုမ္ပဏီမှ ၈ ဒသမ ၅ ရာခိုင်နှုန်း အချိုးကျစီပါဝင်ကာ အကျိုးတူ ပူးပေါင်းဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

--------------------------------


နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၈/၂ဝ၂ဝ





ဆက်စပ် သတင်းများ