- Web Master
- ၁၆ ဧပြီ ၂၀၂၃
အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇွန် ၄/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ ကျောက်ခေါင်းကွင်းနှင့် ပုန်းညက်ကမ်းခြေအကြားတွင် ဇွန်လ ၃ ရက်နေ့ နံနက် ၉နာရီခန့်က ဝေလငါး အသေတစ်ကောင် သောင်တင်လျက်တွေ့ရှိကြောင်းသိရသည်။
အဆိုပါဝေလငါးမှာ အလျား(၁၄)ပေ၊ လုံးပတ် ၅ ပေခန့်ရှိသည့် အသက်အရွယ်အငယ်သာရှိသေးသည့် (Right Whale) အမျိုးအစား ဝေလငါးဖြစ်ကြောင်း ကျိန္တလီမြို့ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးကိုကိုနိုင်က နိရဥ္စရာ သတင်းဌာနအားပြောသည်။
“ငါးက ကိုယ်ပေါ်မှာလည်း ဘာဒဏ်ရာမှ မပါဘူး။ တွေ့တဲ့အချိန်မှာ ပုပ်နေပြီ။ ပင်လယ်မှာတည်းက သေပြီး ကမ်းလာတင်တဲ့အချိန်မှာ ပုပ်နေပြီ။ ရှားပါးမျိုးစိတ်ထဲမှာပါတယ်။ ငယ်ငယ်လေးပဲရှိသေးတယ်။ ဘာလို့သေတာလဲဆိုတာတော့ မသိဘူး။ အဲဒီကမ်းနားမှာပဲ ကျင်းတူးပြီး မြုပ်လိုက်ရတယ်။” ဟု သူကပြောသည်။
ယခုနှစ် ၂ဝ၂ဝ ခုနစ် ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေတွင် အလျား (၄၅)ပေ၊ လုံးပတ် ပေ(၃ဝ)ခန့်ရှိသည့် ဝေလငါးတစ်ကောင်သေဆုံးလျက်တွေ့ရှိခဲ့ပြီး၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင်လည်း အရှည်(၄ဝ-၄၅)ပေ၊ လုံးပတ်(၃ဝ-၃၅)ခန့် ရှိသည့် ဝေလငါး အသေတစ်ကောင် ငပလီ ကမ်းခြေတွင် တွေ့ရှိခဲ့သည်။