သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရေထု၊ လေထုညစ်ညမ်းမှုကိုကာကွယ်ရန်ရည်ရွယ်ချက်ဖြင့် ရခိုင်လူငယ်အဖွဲ့တစ်ခုက မြို့နယ် ၄ခုတွင် သစ်ပင်ပေါင်း ၃သိန်းခန့်စိုက်ပျိုး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 6.3k


သဥ္ဇာနွယ်
နိရဥ္စရာ၊ သြဂုတ် ၂၄/၂ဝ၂၁
ရေထု၊ လေထုညစ်ညမ်းမှုကို ကာကွယ်ရန်ရည်ရွယ်ချက်ဖြင့် အမ်းမြို့ လူငယ်အဖွဲ့တစ်ခုက ရခိုင်ပြည်နယ်က မြို့နယ် ၄ခုတွင် သစ်ပင်ပေါင်း ၃ သိန်းခန့်ကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် စိုက်ပျိုးခဲ့ကြသည်ဟု သတင်းရရှိသည်။
အမ်းမြို့မှ လူမှုရေးလှုပ်ရှားနေသည့်ကိုမျိုးလွင်ဦးဆောင်သောလူငယ်အဖွဲ့သည် အမ်း၊ မြေပုံ၊ ကျောက်ဖြူနှင့် တောင်ကုတ်မြို့နယ်တို့တွင် ၂ဝ၁၉ ခုနှစ်မှ ယခုနှစ် ၂ဝ၂၁ ခုနှစ်၊ ဇူလိုင်လအထိ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဦးဆောင်စိုက်ပျိုးသူ ကိုမျိုးလွင်က “ကျနော်တို့ ၂၀၁၈ ခုနှစ်လောက်တုန်းက ကျောက်ဖြူပင်လယ်ပြင်နဲ့ အမ်းမြို့နယ်ထဲက မြစ်ချောင်းတွေမှာ ရေထု ညစ်ညစ်းမှုတွေဖြစ်ပွားခဲ့ပါတယ်။ မြို့နယ် ၅ ခုအထိ ရေထု ညစ်ညမ်းမှုတွေ လွှမ်းမိုးခဲ့တယ်။ သား/ငါး၊ ပုစွန်တွေထိခိုက်ပျက်စီးမှုတွေ သေကြေ ပျက်စီးတာတွေရှိခဲ့တဲ့အတွက် ရေလုပ်သားတွေရဲ့ စားဝတ်နေရေးတွေလည်း ထိခိုက်မှုရှိလာခဲ့ပါတယ်။ ဒါကြောင့် ရေထု၊ လေထုညစ်ညမ်းမှုကို ကာကွယ် နိုင်ဖို့အတွက် သစ်ပင်တွေ ကိုယ်ထူကိုယ်ထနဲ့တတ်နိုင်သလောက် စိုက်ပျိုးပေးတယ်။ ကျနော်တို့ အစိုးရဆီက ခွင့်ပြုချက်တောင်းခဲ့တယ်။ ဒါပေမဲ့ သူတို့ဆီက ဘာတုံ့ပြန်မှုမျိုးမှ မလာခဲ့ဘူး။ ကျနော်တို့ တတ်နိုင်တဲ့အားနဲ့ ကိုယ်ထူကိုယ်ထလုပ်ခဲ့တာပါ။” ဟု နိရဥ္စရာသို့ပြောသည်။
စိုက်ပျိုးခဲ့သောသစ်ပင်အမျိုးအစားများမှာ ပြူးပင်၊ ပြာပင်၊ ပြားဇီးပင်၊ ဂျက်သလုံးပင်၊ ကုက္ကိုလ်ပင်၊ သဝင်ပင်၊ လင်းပိုက်ပင်နှင့် အုန်း/ဓနိပင်တို့ဖြစ်ပြီး ပြူးပင်၊ ပြာပင်စသည့် ဒီရေတောအပင်များကို အဓိကထား စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
"ပြူးပင်တွေကိုတော့ ဒီရေတောတွေမှာ အဓိက စိုက်ပါတယ်။ ပင်လယ်နဲ့ ကုန်းဆက်စပ်တဲ့နေရာမှာ သဝင်ပင်စိုက်တယ်။ ကုက္ကိုလ်ပင်တွေနဲ့ အရိပ်ရပင်တွေကို လူသွားလူလာများတဲ့ အများနဲ့ဆိုင်တဲ့နေရာတွေမှာ စိုက်ပါတယ်။"ဟု ကိုမျိုးလွင်က ပြောသည်။
ယခုကဲ့သို့စိုက်ပျိုးရာတွင် မိမိတို့ကိုယ်တိုင်ပြုစုပျိုးထောင်ထားသည့် ပျိုးပင် ငယ်များကို စိုက်ပျိုးခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ယခုစိုက်ပျိုးခဲ့သော သစ်ပင်ပေါင်း ၃ သိန်းခန့်တွင် မိုးဒဏ်၊ လေဒဏ်ကြောင့် အပင်ပေါင်း ၁ သိန်းကျော်ခန့်ပျက်စီးသွားခဲ့သည်ဟုလည်း သိရသည်။
လက်ရှိတွင် ကိုဗစ်ကာလဖြစ်သည့်အတွက် လုစုလူဝေးမလုပ်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က ထုတ်ပြန်ချက်ထုတ်ထား၍ သစ်ပင်စိုက်ပျိုးခြင်းကိုယာယီရပ်နားထားသည်ဟုလည်း ကိုမျိုးလွင်က ပြောသည်။

ဆက်စပ် သတင်းများ