အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ဆရာတော်ဦးဥတ္တမဘေးမဲ့ဒီရေတောကို ထိန်းသိမ်းစောင့်ရှောက်မည့်ကော်မတီ ကျေးရွာ ၁၅ ရွာဖြင့်ဖွဲ့စည်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.1k

အေးမြတ်ခိုင်
နိရဥ္စရာ၊ စက်တင်ဘာလ ၁၀/၂၀၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင်သတ်မှတ်ထားသော ဆရာတော်ဦးဥတ္တမဘေးမဲ့ဒီရေတောကို ထိန်းသိမ်းစောင့်ရှောက်မည့် ကော်မတီတစ်ခုအား ကျေးရွာ ၁၅ ရွာဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကော်မတီကို ဆရာတော်ဦးဥတ္တမဘေးမဲ့ဒီရေတောနှင့် ၁၀ မိုင်အတွင်းရှိ ကျေးရွာ ၁၅ ရွာမှ ဆရာတော်ကြီး ၁၅ ပါးနှင့် ရပ်မိရပ်ဖ ၈၂ ဦးတို့ဖြင့် စက်တင်ဘာလ ၉ ရက်တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ဦးဆောင်ဖွဲ့စည်းခဲ့သူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားသည့် ကိုမျိုးလွင်က နိရဥ္စရာကို ပြောသည်။
"ဆရာတော်ဦးဥတ္တမနေ့မှာ သစ်ပင်တွေစိုက်ပျိုးတယ်။ စာတမ်းတွေကပ်တယ်။ အဲ့ဒီနောက်မှာ ထိန်းသိမ်းစောင့်ရှောက်မဲ့ ကော်မတီတစ်ရပ်ဖွဲ့တယ်။"ဟု ပြောသည်။
ယင်းဒီရေတောသည် အမ်းမြို့နယ် သံဇစ်မြစ်ဖျားရှိ ကျွန်းပေါ်ရှိ လူသူအရောက်အပေါက်နည်းသောဒေသတွင် ပေါက်ရောက်နေသော ဒီရေတောဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ဧက ၅ဝဝ ခန့်ရှိသည်ဟု သိရသည်။
အဆိုပါဒီရေတောကို ဆရာတော်ဦးဥတ္တမနေ့ကို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့ စက်တင်ဘာ ၉ ရက်တွင်ကျရောက်သော ဆရာတော်ဦးဥတ္တမနေ့၌ ဦးဥတ္တမဘေးမဲ့ဒီရေတောအဖြစ် ကိုမျိုးလွင်နှင့် ဒီရေတောအနီးအနားကျေးရွာဒေသခံများက သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။
"အာရှနေဝန်းဆရာတော်ဦးဥတ္တမဘေးမဲ့ဒီရေတောအဖြစ် မနေ့က ဧက ၂၀၀ ဝန်းကျင်သတ်မှတ်ခဲ့တယ်။ လက်ရှိမှာ ဧက ၂၀၀ သတ်မှတ်ပေမဲ့ ကျွန်တော်တို့ထိန်းသိမ်းစောင့်ရှောက်လို့ သစ်ပင်အသစ်တွေဖြစ်ထွန်းလာရင် ကျွန်တော်တို့စိုက်ပျိုးလို့ရမဲ့အနေထားရှိမယ်ဆိုရင် အဲဒီနေရာတစ်ခုလုံးကိုသတ်မှတ်မှာပေါ့နော်။"ဟု ပြောသည်။
ဦးဥတ္တမဘေးမဲ့ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို စက်တင်ဘာလ ၁၆ ရက်နေ့တွင်လည်း ဆရာတော်ကြီးများ၏ ညွှန်ကြားမှုဖြင့် ဒီရေတောရည်ရှည်ရပ်တည်နိုင်ရေးမူဝါဒများကိုရေးဆွဲကာ တိုးချဲ့ဖွဲ့စည်းသွားဦးမည်ဟု သိရသည်။
ဦးဥတ္တမဘေးမဲ့ဒီရေတောထိန်းသိမ်းရေးအဖွဲ့မှ သြဝါဒဆရာတော်တစ်ပါးဖြစ်သော အမ်းမြို့နယ်၊ စည်တောင်ဆရာတော်ကြီး ဦးဝဏ္ဏိတက "ဆရာတော်ကြီးကိုအကြောင်းပြုပြီး ဆရာတော့်နာမည်နဲ့သတ်မှတ်ရတာက ဒီဒီရေတောကိုအမှီပြုနေထိုင်တဲ့ တိရစ္ဆာန်လေးတွေလည်း အသက်ဘေးကကင်းလွတ်အောင်၊ သဘာဝပတ်ဝန်းကျင်လည်းထိန်းသိမ်းစောင့်ရှောက်ရာရောက်အောင်ရယ်၊ နောက်တစ်ချက်က နောင်အနာဂတ်မှာ လူငယ်လေးတွေ သတိတရဖြစ်နေအောင်ရည်ရွယ်ချက်တွေလည်း ပါတယ်။"ဟုမိန့်သည်။
အဆိုပါဒီရေတောကို ဦးဥတ္တမဘေးမဲ့ဒီရေတောအဖြစ်အသိအမှတ်ပြုနိုင်ရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ရေးမူဝါဒများနှင့် ကော်မတီဖွဲ့စည်းပုံတို့ကို ဒေသအာဏာပိုင်များထံ တင်ပြမထားသော်လည်း ULA/AA ထံ စာဖြင့်ကြိုတင်၍ တင်ပြပြီးဖြစ်ကြောင်း သိရသည်။
Photos - Ko Myo Lwin Ann

ဆက်စပ် သတင်းများ