ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် ရေထုညစ်ညမ်းမှုများကြောင့် ငါး၊ပုဇွန်အပါအဝင် ရေသယံဇာတများလျော့ကျလာနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.3k

အေးမြတ်ခိုင်

နိရဥ္စရာ၊ စက်တင်ဘာ ၁၇ / ၂ဝ၂၁

ရခိုင်ပြည်နယ်အတွင်း သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနှင့်အတူ ေထုပါ ညစ်ညမ်းမှုလာသောကြောင့် ငါး ပုဇွန်နှင့် ရေသယံဇာတများ တစ်နှစ်ထက်တစ်နှစ် လျော့ကျလာနေကြောင်း သိရသည်။

စစ်တွေမြို့မှ ငါးဖမ်းစက်လှေပိုင်ရှင် ဦးစိုးမင်းသူက ရေထဲကို အမှိုက်များ ပစ်ချမှုများလာသည့်အတွက် ကမ်းခြေမှာတောင်မကဘဲ ပင်လယ်ဝအထိအမှိုက်များ ရောက်ရှိလာနေပြီး ရေထုညစ်ညမ်းမှုများ ဖြစ်လာရကာ ငါးနှင့်ရေသယံဇာတရှားပါးမှုများဖြစ်နေကြောင်း ပြောသည်။

"အရင်နှစ်တွေကတော့ ငါးတန်ချိန် ပိဿာ ၂၇၀၊ ၃၀၀ ထိဖမ်းမိတယ်။ ဒီနှစ်တွေမှာ သိသိသာသာ လျော့ကျလာတယ်။ ငါးဖမ်းစက်လှေတွေများလာတာကတစ်ကြောင်း၊ ရေထုညစ်ညမ်းလာတာက တစ်ကြောင်း၊ တစ်ရက်ကို ပိဿာ ၁၅၀၊ ၁၇၀ ကအလွန်ဆုံးပဲ။ အရင်ကရှာလို့ရသလိုရနိုင်ဖို့က အိပ်မက်တောင်မက်လို့မရဘူး"ဟု ပြောသည်။

ရေလုပ်ငန်းဥပဒေနှင့် ပတ်သက်ပြီး ငါးဖမ်းသူများလိုက်နာမှုအားနည်းသည့်အပြင် သက်ဆိုင်ရာ ဦးစီးဌာနအနေဖြင့်လည်း စောင့်ကြပ်လုပ်ဆောင်မှုအားနည်းသောကြောင့် ရေသယံဇာတနှင့် ဒီရေတောများရှားပါးလာနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားသူ အမ်းမြို့မှ ကိုမျိုးလွင်က နိရဥ္စရာသို့ပြောသည်။

"ရေလုပ်ငန်းဥပဒေတွေအများကြီးပြဋ္ဌာန်းထားတာရှိတယ်။ ဒါပေမဲ့ နည်းဥပဒေကို ပြည်သူလူထုကို အသေးစိတ်ချပြထားတာမရှိတော့ ပြည်သူတွေသိရှိမှုအားနည်းတယ်။ တချို့ဆို လိုင်စင် ချပေးလိုက်တယ်။ ဒီလိုင်စင်နဲ့ပတ်သက်ပြီး ကန့်သတ်ထားတဲ့ ပိုက်တွေကို မဆန်းစစ်တဲ့အခါမှာ တချို့တွေက ပိုက်ကွင် အသေးတွေနဲ့ချတယ်။ သူတို့လိုချင်တဲ့ငါးကအကြီး။ ဒါပေမဲ့ ပိုက်ကကွင်သေးတဲ့ အခါမှာ ပိုက်ထဲကျတဲ့သားငါးပုစွန်အသေးတွေကအစ သေသွားတယ်။ ငါး၊ ပုစွန်ရှာတဲ့အခါမှာလည်း ဥဥချိန်၊ သားပေါက်ချိန်တွေမှာလည်း အလွန်အကျွံရှာဖွေတာတွေကြောင့် မျိုးတုန်းလာနေတယ်။ ပြီးတော့ ဒီရေတောတွေကိုခုတ်ပြီး ငါး၊ ပုစွန်မွေးမြူတာတွေရှိတယ်။ လယ်ယာစိုက်ပျိုးတာတွေရှိတယ်။ ဒါပေမဲ့ ဘာမှထိထိရောက်ရောက် လုပ်ဆောင်တာမတွေ့ရဘူး"ဟု ဆိုသည်။

ယခုကဲ့သို့ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ရှားပါးလာသည့်အတွက် ရေလုပ်ငန်းကိုမှီခိုနေရသည့် ဒေသခံများအတွက် စားဝတ်နေရေး ထိခိုက်မှုများရှိကြောင်း ပြောသည်။

မြန်မာ၊ တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့စောင့်ကြည့်ရေးအဖွဲ့က ဦးဆောင်ပြီး ပြီးခဲ့သည့် ၂၀၁၈၊ ၂၀၁၉ နှင့် ၂၀၂၀ တို့တွင် ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်းနှင့် မြေပုံမြို့နယ်ရှိ ရေနမူနာများကို ဓာတ်ခွဲ စစ်ဆေးခဲ့ရာ ရေနံထွက်ဓာတုပစ္စည်းများ ပါဝင်မှုများနေကြောင်း တွေ့ရှိခဲ့ရသည်။

ယင်းကဲ့သို့ ရေထုညစ်ညမ်းမှုကြောင့် ငါး၊ ပုစွန်ရရှိမှု ၅၀ ရာနှုန်းအထိလျော့ကျသွားခဲ့ကြောင်း သိရသည်။

ရေထုညစ်ညမ်းမှုကြောင့် ငါး၊ ပုစွန်နှင့်ရေသယံဇာတရှာပါးလာမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ရုံးသို့လာရောက်မေးမြန်းပါဟုဆိုသည့်အတွက် ရုံးသို့သွားရောက်တွေ့ဆုံမေးမြန်းခဲ့သော်လည်း တာဝန်ရှိသူမအားဟုဆို၍ ၎င်းဌာန၏သဘောထားကို ရယူနိုင်ခြင်းမရှိခဲ့ပါ။

 

ဓာတ်ပုံ-ကိုမျိုးလွင်

ဆက်စပ် သတင်းများ