ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် သစ်တောနှင့် ဒီရေတောများကို အမြန်ဆုံးထိန်းသိမ်းရန်လိုနေဟု သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်နေသူများပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.7k

ထက်အောင်
နိရဥ္စရာ၊ နိုဝင်ဘာ ၃၀/ ၂၀၂၁
ရခိုင်ပြည်နယ်အတွင်း သစ်တောနှင့် ဒီရေတောများကို အမြန်ဆုံးထိန်းသိမ်းရန်လိုအပ်နေသည်ဟု သဘာဝပတ်ဝန်းကျင်အရေးလုပ်ဆောင်နေသူများက ပြောသည်။
ရခိုင်ရိုးမပေါ်ရှိ သစ်တောကြီးများနှင့် ရခိုင်ကမ်းရိုးတန်းရှိ ဒီရေတောကြီးများမှ အရွယ်ရောက်သစ်ပင်များကို တရားမဝင် ခိုးထုတ်မှုများရှိနေသည့်အတွက် အမြန်ဆုံးထိန်းသိမ်းရန်လိုအပ်နေပြီဟု သဘာဝပတ်ဝန်ကျင်အရေးလုပ်ဆောင်နေသည့် ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက ပြောသည်။
“ဒီသစ်တောတွေသာ ပြုန်းတီးသွားမယ်ဆိုလို့ရှိရင် နောက်နောင်မှာ လူတွေနေထိုင်ဖို့အတွက် အခက်အခဲဖြစ်လာမယ်။ ရေကြီးရေလျှံမှုတွေနဲ့အတူ ဆိုးဝါးလှတဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာနိုင်တယ်” ဟု ပြောသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်က ကျောက်ဖြူတွင်ပြုလုပ်သည့် ဝန်ဖိုက်ဒီရေတော ထိန်းသိမ်းရေးနှင့် Hotel Tourism လုပ်ငန်းအကောင်အထည်ပေါ်ပေါက်လာရေးအစည်းအဝေးတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုဆွေးနွေးပွဲတွင် ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်၊ ကျောက်ဖြူ ဒု- ခရိုင်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောများပျက်စီးဆုံးရှုံးပြီး သဘောဝသယံဇာတများပျက်စီးဆုံးရှုံးမှုတွင် ဒုတိယအဆင့်ကို ရောက်နေသည်ဟု ဆွေးနွေးခဲ့သည်ဟုလည်း ဦးဖိုးစံက ပြောသည်။
“ ဒီသစ်တောတွေဟာ ရခိုင်ရိုးမတစ်လျှောက် ဆုံးရှုံးသွားတဲ့အတွက် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ တောင်ကုတ်၊ သံတွဲ မြို့နယ်တွေမှာ မိုးရာသီရောက်တိုင်း ရေနစ်မြုပ်တာတွေ့ရတယ်။ ဒါကြောင့် အဲဒီဒေသတွေမှာ သစ်တောတွေပြန်စိုက်ပေးရမယ်ဆိုပြီးပြောခဲ့တယ်” ဟု ပြောသည်။
အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံးဖြစ်သည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ရှိ ဝန်ဖိုက်ဒီရေတောတွင်လည်း သစ်များ ခိုးထုတ်နေမှုများသည် သစ်တောတစ်ခုတည်း ဆုံးရှုံးသွားခြင်းမဟုတ်ဘဲ ရေသယံဇာတများဆုံးရှုံးသွားမည့်အခြေအနေတွင်ရှိနေသည့်အတွက် အရေးတကြီးထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်နေသည်ဟု ယင်းနေ့က ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြောင်း ကျောက်ဖြူမြို့မှ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ ကိုထွန်းကြည်က ပြောသည်။
“လူတွေရဲ့ဘဝက သဘာဝပတ်ဝန်းကျင်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် သစ်တောတွေပြုန်းတီးသွားရင် လူမှုဘဝပါပြောင်းလဲနိုင်ခြေတွေအများကြီးရှိတယ်။ သစ်တောထိန်းသိမ်းဖို့ဆိုရင် တရားဥပဒေစိုးမိုးဖို့လိုမယ်။ အကျင့်ပျက်ခြစားမှုတွေနဲ့ မှောင်ခိုသမားတွေ အရေးယူဖို့လိုတယ်။ အခုက ရခိုင်ပြည်နယ်မှာ သစ်တောတွေက ပြောင်သလောက်ဖြစ်သွားပါပြီ”ဟု ပြောသည်။
ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် သက်ဆိုင်ရာတာဝန်ရှိသူများက သစ်တောများထိန်းသိမ်းကာကွယ်ရေးတွင် သူတို့အနေဖြင့် လုပ်ပိုင်ခွင့်အားနည်းသည့်အတွက် နယ်မြေလုံခြုံရေးကြောင့် ကွင်းဆင်းဆောင်ရွက်မှုအားနည်းမှုများရှိကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
သို့သော် အစိုးရအနေဖြင့် ဝန်ဖိုက်ဒီရေတောကိုကာကွယ်ထိန်းသိမ်းနိုင်ရန် စစ်တပ်၊ ရဲနှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်းပြီး ၃ ကြိမ်ခန့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
ရခိုင်တွင် သစ်တောဧရိယာစုစုပေါင်း ၂,၇၆၀,၀၀၀ ကျော်ရှိကြောင်း ပြည်နယ်သစ်တောဦးစီးဌာန၏ ၂၀၂၀ ပြည့်နှစ်အတွင်းကောက်ခံထားသည့်စာရင်းများအရ သိရသည်။
အလားတူ ယခင်က ဒီရေတောဧက ၄ သိန်းကျော်ရှိခဲ့ရာမှ ယခု ၂ဝ၂၁ ခုနှစ်တွင် ဧက ၁ သိန်းခန့်သာကျန်ရှိတော့ကြောင်း သိရသည်။
ရခိုင်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သစ်တန်ချိန် ၁,၈၀၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သစ်တန်ချိန် ၅,၀၀၀ ကျော်အထိဖမ်းမိခဲ့သည့်အတွက် မှောင်ခိုထုတ်သည့်သစ်တန်ချိန်သည် ၃ ဆနီးပါးပိုများလာခဲ့သည်ဟု ပြည်နယ်သစ်တောဦးစီးဌာနက နိရဥ္စရာကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြောဆိုထားသည်။
ဓာတ်ပုံ - ရခိုင်ပြည်နယ်တွင် ဖမ်းဆီးရမိသည့်သစ်များအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ