သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်အပါအဝင် တစ်နိုင်ငံလုံးတွင် ၂လကျော်ကာလအတွင်း မိုးကြိုးပစ်၍ လူပေါင်း ၃ဝ ကျော်နှင့် ကျွဲနွား ၃ဝနီးပါးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 9.3k

နိရဥ္စရာ၊ ဇွန် ၈/၂ဝ၂ဝ

ရခိုင်ပြည်နယ် မင်းပြားမြို့မှ ဆဋ္ဌမတန်းကျောင်းသား တစ်ဦးအပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသူ အရေအတွက်မှာ လူပေါင်း ၃ဝ ကျော်နှင့် ကျွဲနွား ၃ဝ နီးပါးခန့် ရှိသည်ဟု သိရှိရသည်။ 

၎င်း သေဆုံးမှု အရအတွက်မှာ ယခုနှစ် ဧပြီ၊ မေလနှင့် ဇွန်ရက် ၇ ရက်နေ့ထိ ဖြစ်ကြောင်း သိရသည်။ 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင်  ဇွန် ၆ ရက်နေ့ ညနေ ၅နာရီခန့်က မိုးကြိုးပစ်၍ သားအမိ ၂ ဦးအပါအဝင် ၃ဦးသေဆုံးပြီး ဇွန် ၃ ရက်နေ့ကလည်း မြိတ်လေတပ် စခန်း ဧရိယာတွင်း ဘောလုံးပွဲကျင်းပနေစဉ်  မိုးကြိုးပစ်၍ ကြည့်ရှုနေသူ  ၅ ဦး သေဆုံးခဲ့ကြောင်း ဘီဘီစီ (မြန်မာပိုင်း)တွင် သတင်းဖော်ပြသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင်လည်း ၁၂နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသားတစ်ဦး မတ်လ ၃ ရက်နေ့က မိုးကြိုးပစ်သေဆုံးခဲ့သည်။ 

သေဆုံးသူ ၁၂နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသားမှာ  မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်မှ ဦးဝင်းအောင်၏သား မောင်သန်းနု ဖြစ်ပြီး ဇွန်လ ၃ ရက်  မွန်းလွဲ  ၃နာရီခွဲ အချိန်ခန့်က ဘောလုံးကန်ရန် သွားစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ  ဇွန်လမတိုင်မီ မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်(၁ဝ)ခုတွင်  မိုးကြိုးဘေးကြောင့် လူ ၂၅ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။ 

ကျွဲနွားသေဆုံးမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ လေသာကျေးရွာအုပ်စု မဲဇာကျေးရွာနှင့် မန်ကျီးပင်ကျေးရွာတို့တွင် ဇွန်လ ၇ ရက်နေ့ နံနက်အစောကြီး ညဉ့် ၁ နာရီကျော် အချိန်ခန့်က မိုးသည်း ထန်ရွာသွန်းပြီး မိုးကြိုး ပစ်ခတ်မှုကြောင့် ကျွဲမ (၇) ကောင် သေဆုံးခဲ့သည်။

အလာတူး ဇွန်(၆)ရက်က မိုးကြိုးပစ်၍ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ခွေကြိမ်ကျေးရွာက နွား(၁၉)ကောင်နှင့် အင်းတော် မြို့နယ် ခိုထောင်ကျေး ရွာက နွားတစ်ကောင်သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန  တိုင်းဦးစီးမှူး စဝီလီဖရန့် ကို ကိုးကားပြီး သတင်းဖော်ပြသည်။

ယခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင်  မိုးကြိုပစ်ခတ်မှု (၉)ကြိမ်ဖြစ်ပေါ်ခဲ့ပြီး လူ (၅)ယောက် သေဆုံးမှုရှိခဲ့ကာ ထိခိုက် ဒဏ်ရာရသူ (၁၂)ယောက်ရှိခဲ့ကြောင်း သိရသည်။ 

မိုးကြိုးဘေးကြောင့် သေဆုံးမှုမရှိစေဖို့ သတိပြုသင့်တဲ့အချက်တွေကို သက်ဆိုင်ရာမှ သတိပေးထုတ်ပြန်ထားသည်။

၎င်းတို့မှာ 

လေပြင်းတိုက်ခတ်မှုများ၊ မိုးရွာသွန်းမှုများ၊ လျှပ်စီးလက်ခြင်းနဲ့ မိုးခြိမ်းခြင်းများဖြစ်ပေါ်နေချိန်တွင်

(၁) ဖုန်းများကိုအသုံးမပြုသင့်ကြောင်း

(၂) တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့်ကွန်ပျူတာ စတဲ့ လျှပ်စစ်နဲ့ ဆိုင်တဲ့ ပစ္စည်းတွေကို ခလုတ်ပိတ်၊ ပလပ်ဖြုတ်ထားသင့်ကြောင်း

(၃) သစ်ပင်၊ ဓါတ်တိုင်နှင့်သံ/သတ္ထုပစ္စည်းများအနီးတွင် မနေသင့်ကြောင်း နဲ့

(၄) အိမ်အပြင်ဘက်တွင်လူစုလူဝေးနဲ့ ဖြစ်နေပါက သီးခြားစီဖြန့်ခွဲနေထိုင်သင့်ကြောင်း စသည့် အချက်များကို သတိပြုလိုက်နာကြရန် ဖြစ်သည်။


ဆက်စပ် သတင်းများ