အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

မောင်တောမြို့နယ်တွင် တောဆင်ရိုင်းနင်း၍ တောင်သူတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 5.7k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇူလိုင် ၁၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် ဗောဓိကုန်းရွာတွင် တောင်ဆင်ရိုင်းနင်းသတ်၍ တောင်သူတစ်ဦး ယမန်နေ့က သေဆုံးသွားကြောင်း သတင်းရရှိသည်။ 

သေဆုံးသူမှာ ဦးကျော်မြ (၅၇) နှစ် (ဘ) ဦးထွီးရှင် ဖြစ်ကြောင်း သိရသည်။

သူနှင့် ဆွေမျိုးတော်စပ်သူ ရွာသားတစ်ဦးက “ ဦးကျော်မြက ရွာရဲ့ အရှေ့ဘက်မှာ မေယုတောင်ခြေမှာ ဥယျာဉ်ရှိပါတယ်။ မနေ့က မနက်  ၇ နာရီ ၈ နာရီလောက်မှာ ဥယျာဉ်ကို သွားပါတယ်။ မိုးကလည်း ရွာနေတော့ တောဆင်ရိုင်းလာတဲ့ အသံကို မကြားဘူးထင်ပါတယ်။ မျက်နာချင်းဆိုင် တွေ့ကြတယ်ထင်ပါတယ်။ တောင်ကြားလမ်းမှာဘဲ ဆင်နင်းပြီး သေနေတာကို တွေ့ရပါတယ်။ နံရိုးနှစ်ချောင်းကျိုးသွားပါတယ်” ဟု ပြောကြားသည်။

ဦးကျော်မြ ဆင်နင်း၍ သေဆုံးနေသည်ကို မိသားစုများက အစပိုင်း မသိရှိကြောင်း၊ ညနေ ၃ နာရီခန့်တွင် အိမ်ကို ပြန်မရောက်၍ တောထဲကို ဝင်ရှာရာမှ ဆင်နင်း၍ သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

သေဆုံးသူ ဦးကျော်မြတွင် သားသမီးများ ရန်ကုန်တွင် ရှိနေ၍ သားသမီးများ ပြန်လာနေပြီး ရောက်ရှိမှ သင်္ဂြိုလ်မည် ဖြစ်ကြောင်း သိရှိရသည်။ 

ရခိုင်ပြည်နယ် မေယုတောင်တန်းသည် တောဆင်ရိုင်း ကျက်စားရာ ဒေသ တစ်ခု ဖြစ်ပြီး မကြာခဏ တောဆင်ရိုင်းများ၏ ရန်ရှာ သတ်ဖြတ်မှုများကို ကြုံတွေ့ရသော ဒေသ တစ်ခု ဖြစ်ကြောင်း သိရှိရသည်။ 

(ဓာတ်ပုံ- ဦးထွန်းလှအောင်) 


ဆက်စပ် သတင်းများ