သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ် သဲခုံကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် အိမ်အချို့ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 597

ဆောင်းဇာခြည်

နိရဥ္စရာ၊ သြဂုတ် ၂၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် အိမ်အချို့ပျက်စီးသွားကြောင်း သတင်းရရှိသည်။

သဲခုံကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ယခုအပတ်အတွင်း နေအိမ် ၁ဝ လုံးမှာ ပျက်စီးသွားကာ နောက်ထပ် နေအိမ် ၁၅ လုံးမှာလည်း ပျက်စီးလုနီးပါးဖြစ်နေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောသည်။

ဦးသိန်းထွန်းက “ပင်လယ်က လှိုင်းလုံးကြီးတွေ ဝင်လာလို့ ကမ်းတွေ ပြိုသွားပြီး အိမ်တွေ ပျက်စီးသွားတာပါ။ ဟိုတစ်ရက် နှစ်ရက်နေ့က ၇ လုံးနဲ့ မနေ့က နှစ်လုံးသုံးလုံး ပျက်စီးသွားတယ်။ ဒီရေကြီးတဲ့နေ့တွေဆိုရင် ကမ်းကို လှိုင်းက လာရိုက်တာ။ အိမ်ပျက်စီးသွားတဲ့ မိသားစုတွေက လောလောဆယ် မြေအလွတ်မှာ တဲလေးတွေ ဆောက်ပြီး နေနေကြပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

စစ်တွေမြိုရှိ စီမံကိန်းများအတွက် မြေဖို့ရန်အတွက် ယင်းရွာ၏ မြောက်ဘက်ရှိ ကုလားတန်မြစ်ထဲမှ သဲမြေများကို တာဝန်ရှိသူများက စက်များဖြင့် မကြာခဏ လာရောက် စုတ်ယူကြကြောင်း၊ ထိုသို့ စက်ဖြင့် စုတ်ယူသည့်နေရာနှင့် ကျေးရွာမှာ ၁ မိုင်ခန့်သာ ဝေးကွာကြောင်း၊ ထိုကဲ့သို့ သဲမြေများအား စုတ်ယူခြင်းခံရ၍ သဲခုံကျေးရွာ၏ သဲမြေမှာ နိမ့်ဆင်းလာကာ ဒီရေတိုက်စားခြင်းများ နှစ်တိုင်းနီးပါး ခံရခြင်းဖြစ်နိုင်ကြောင်း ကျေးရွာသားများက ပြောသည်။

ရေတိုက်စားမှုကြောင့် နေအိမ်ပျက်စီးသွား၍ အခက်ခဲကြုံနေသည့် သဲခုံကျေးရွာမှ ဒေါ်မမြင့်ဇံက “တစ်ရွာလုံးပြိုတော့မှာ။ ရွာက တစ်ခြမ်းပဲရှိတော့တယ်။ အဲဒီလှိုင်းတွေ ပုတ်ခတ်လို့လေ။ မြစ်ကနေပြီးတော့ စစ်တွေက ဆိပ်ကမ်းအတွက် သဲမြေတွေကို စက်နဲ့လာစုတ်ယူတော့ ရွာက တဖြည်းဖြည်း နိမ့်ဆင်း  လာတယ်လေ။ အဲလို နိမ့်လာလို့လည်း ရေတွေ  ပြည့်လျှံတာတွေပါတယ်။ ကျမတို့မှာ ခွေးပြေးသလို ပြေးနေကြရတယ်။ အိမ်ဆောက်မယ့်နေရာကလည်း မရှိဘူး။ အဲဒီလို ရေလျှံတာတွေ၊ လှိုင်းပုတ်တာတွေကြောင့် လုပ်စားလည်း ပျက်တယ်။ အခုဆို ကျမမှာ ကျမရဲ့ မောင်လေး အိမ်ပေါ်တက်နေရတယ်။ အရမ်းဒုက္ခရောက်နေကြပြီ” ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းရွာမှ ဦးမှဲ့နီချေကလည်း သူ့၏ နေအိမ်မှာ ဒီရေလှိုင်းပုတ်ခတ်မှုကြောင့် ပျက်စီးသွား၍ လက်ရှိတွင် နေစရာ နေရာမရှိသေးကြောင်း၊ သူ့ကဲ့သို့ တခြား နေအိမ်ပျက်စီးသွားသူများမှာလည်း အခက်အခဲဖြင့် ရင်ဆိုင် နေကြရကြောင်း နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီးဦးဝင်းမြင့်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ “ဒါကို အဲဒီက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက စာရင်းကောက်ခံပြီးတော့မှ ပို့ရမှာပေါ့နော်။ ပို့တဲ့အခါမှ အစိုးရက သင့်တော်တဲ့ ပျက်စီးသွားတဲ့ ပမာဏအပေါ်မှာ တွက်ချက်ပြီးတော့မှ ဘေးစီမံကို လွှဲရတယ်။ ဘေးစီမံက ဒါတွေအတွက် တာဝန်ယူပြီးတော့ သူက ပြင်ဆင်ပေးတယ်။ အဲဒါကြောင့် အုပ်ချုပ်ရေးအဖွဲ့တွေက အစိုးရအဖွဲ့ကို အရင်ဆုံး အကြောင်းကြားဖို့သင့်တယ်” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါကျေးရွာတွင် အိမ်ခြေ ၃၆ဝ ခန့်နှင့် လူဦးရေ ၁၄ဝဝ ကျော်ရှိကြောင်း၊ မိုးရာသီရောက်လျှင် နှစ်တိုင်းနီးပါး ဒီရေလှိုင်း ပုတ်ဒဏ်ကို  ကျေးရွာသားများမှာ ခံစားနေကြရကြောင်း ၎င်းတို့က ပြောကြားသည်။


ဆက်စပ် သတင်းများ