ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်တွင် စက်လှေနစ်မြုပ်၍ ပျောက်ဆုံးနေသူ ၄ ဦးစလုံး အလောင်းတွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 4.3k

သျှင်မင်းဇံ

နိရဥ္စရာ၊ သြဂုတ် ၁၉ / ၂၀၂၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းတွင် မျှစ်ခူးပြန်လာသည့် လူ (၉) ဦးစီးနင်းလာသော ဟွန်ဒါစက်တပ်လှေငယ်တစ်စီး နစ်မြုပ်၍ ကန်ပူးရွာက ပျောက်ဆုံးနေ ၄ ဦးစလုံး အလောင်းအား ပြန်ရှာတွေ့ရှိထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသူ ၄ ဦးအနက် ၃ ဦး၏အလောင်းအား ရှာတွေ့ထားပြီးနောက် ယနေ့ သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၇ နာရီခန့်က ဒေါ်ဘုမယေ၏အမျိုးသားဖြစ်သူ ဦးခင်သန်းမောင် အသက် (၄၂ နှစ်)၏အလောင်းအား ရှာတွေ့ခဲ့ပြီဖြစ်၍ ပျောက်ဆုံးနေသူအားလုံး၏အလောင်းကိုရှာတွေ့ခဲ့ပြီဟု ပုဏ္ဏားကျွန်းမြို့နယ် ကန်ပူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းစိန်မောင်က ပြောသည်။

" ဒီနေ့မနက်က ဦးခင်သန်းမောင် အလောင်းကိုတွေ့ပြီဆိုတော့ အားလုံးကို တွေ့ပါပြီ။ ဒီနေ့ မနက် ၇ နာရီလောက်က တွေ့တာပါ။ အခုက ရွာကို ယူလာပါပြီ" ဟု နိရဥ္စရာသို့ ပြောသည်။

ဦးခင်သန်းမောင်၏အလောင်းအား ရင်းဒါးကျေးရွာနှင့် စေတီပြင်ကျေးရွာကြား၌ မြစ်ကမ်းဘေးတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းအား ကန်ပူးကျေးရွာသချင်္ိုင်းတွင်ထားရှိကာ ယနေ့ နေလယ် ၁ နာရီအချိန်ခန့်တွင် သင်္ဂြိုလ်သွားမည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြီးခဲ့သည့့်ရက်ပိုင်းက ဟွန်ဒါစက်လှေနစ်မြုပ်ရာမှ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး၊ စုစုပေါင်း ၄ ဦးပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

ပျောက်ဆုံးနေသူများအနက် သြဂုတ်လ ၁၆ ရက်နေ့ ညဥ့် ၁၁ နာရီခန့်တွင် ဒေါ်ဘုမယေ (၃၈ နှစ်)၏ အလောင်းအား ရင်းဒါးကျေးရွာအနီး မြစ်ရွှံ့နွံပြင်၌ ရှာတွေ့ခဲ့ပြီး ဒေါ်ဦးဆန်းယဉ် (၄၅ နှစ်)၏ ရုပ်အလောင်းကို ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ခနောင်းကြီးကျေးရွာအနီး ရင်းဒါးမြစ်ထဲတွင် တွေ့ရှိခဲ့သည်။

အလားတူ မဖြူဖြူသန်း (၂၂ နှစ်)၏ အလောင်းအား ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က ရင်းဒါးကျေးရွာအနီး မြစ်ထဲတွင် တွေ့ရှိခဲ့သည်။

ယခုသေဆုံးသွားသူ ၄ ဦးအပါအဝင် လူ (၉)ဦးစီးနင်းလိုက်ပါလာသော ဟွန်ဒါစက်လှေတစ်စီးသည် သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းတွင် မျှစ်ခူးပြန်လာစဉ် ပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်းပေါ်ရှိ စေတီပြင် တံတားအနီး တောဖျားချောင်းအတွင်း ရေစီးပြင်း၍ နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

ရေနစ်မြုပ်သေဆုံးသူများအနက် မဖြူဖြူသန်းသည် အပျိုဖြစ်ပြီး ဒေါ်ဦးဆန်းယဉ်သည် မုဆိုးမဖြစ်ကာ သားသမီး ၄ ဦးကျန်ခဲ့သည်ဟု သိရသည်။

အလားတူ ဦးခင်သန်းမောင်နှင့် ဇနီးဖြစ်သူ ဒေါ်ဘုမယေတို့တွင် သားသမီး ၃ ဦးကျန်ခဲ့ကြောင်း ရွာသားများက ပြောသည်။

မြေပုံမြို့နယ် အငူအုပ်စု အငူကျေးရွာမှ အမျိုးသမီး ၄ ဦးသည်လည်း ပြီးခဲ့သည့်ဇူလိုင်လ ၂၅ ရက်နေ့က မျှစ်ခူး၍ အိမ်ပြန်လာစဉ် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဆက်စပ် သတင်းများ