ရခိုင် မြို့နယ် ၂ ခုတွင် မိုးကြိုးပစ်ခံရ၍ လူ ၂ ဦးသေဆုံး


နှင်းနွယ်နီ
နိရဥ္စရာ၊ အောက်တိုဘာ ၂၁/၂၀၂၁
ရခိုင်မှ မြို့နယ် ၂ ခုဖြစ်သော မြောက်ဦးနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ယနေ့ မိုးကြိုးပစ်ခံရ၍ လူ ၂ ဦးသေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူ ၂ ဦးမှာ မြောက်ဦးမြို့၊ ဆင်ချဆိပ် ရွာမရပ်ကွက်မှ ဦးကျော်မြ (၅၃ နှစ်)နှင့် ဘူးသီးတောင်မြို့နယ် ဒပြုချောင်းကျေးရွာမှ မူဆလင်အမျိုးသား ဦးမာမတ်ရော်ဟိန်း (၂၈ နှစ်) ဖြစ်သည်။
ဦးကျော်မြသည် ယနေ့ အောက်တိုဘာ ၂၁ ရက် နံနက် ၁၁ နာရီခန့်က သူ့၏လယ်ကိုသွားစဉ်တွင် မိုးကြိုးပစ်ခံ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း လက်ကောက်စျေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ဘုက ပြောသည်။
“အဝတ်အစားတွေနဲ့ ခန္ဓာတွေလည်း မီးလောင်သွားသလို မဲသွားတယ်။ ခေါင်းနဲ့ ရင်ဘတ်မှာ မီးလောင်ဒဏ်ရာနဲ့ သွေးနည်းနည်းစိုလို့တွေ့တယ်။ မျက်နှာလည်း မဲသွားတယ်” ဟုပြောသည်။
အလားတူ ဦးမာမတ်ရော်ဟိန်းသည် ယနေ့ နံနက် ၈ နာရီခွဲခန့်က ရွာပြင်ရှိ လယ်ကွင်းတွင် ငါးရှာသွားစဉ် မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း ဒပြုချောင်းကျေးရွာ တာဝန်ခံ ဦးနုရ်အီစ္စလာမ်က နိရဥ္စရာ သတင်းဌာနကိုပြောသည်။
“ဒဏ်ရာက နားကသွေးယိုနေတယ်၊ ပြီးတော့ ညာဖက်ဗိုက်က နည်းနည်းပဲ့သွားတယ်၊ ဝမ်းဗိုက်မှာတော့ မဲနေတယ်” ဟုပြောသည်။
၎င်းအပြင် ယနေ့နံနက်က မိုးကြိုးပစ်ခံရ၍ ကျောက်တော်မြို့နယ် ဝဲကြီးထောင့်ကျေးရွာမှ ရွာသားအချို့လည်း ဒဏ်ရာအနည်းငယ် ရရှိသွားကြောင်း သိရသည်။
ရခိုင်တွင် ယခုလ အောက်တိုဘာလ ၂ ရက်နေ့မှ ၂၁ ရက်နေ့အထိ မိုးကြိုးပစ်ခံရ၍ သေဆုံးသူ ၈ ဦးအထိရှိသွားပြီဖြစ်သည်။
ပြည်သူများအနေဖြင့် လျှပ်စီးလက်နေချိန်တွင် တီဗွီဖွင့်ခြင်း၊ အင်တာနက်သုံးခြင်းများ၊ ဝိုင်ဖိုင်စက်များဖွင့်ထားခြင်း၊ ဖုန်းပြောခြင်းများ၊ လယ်ယာစိုက်ခင်းနှင့် ကွင်းပြင်နေရာများသို့ သွားလာခြင်းများကို အထူးသတိထားရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားသည်။

Share: