သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

လေးမြို့ကမ်းပါးပြို၍ မင်းပြားမြို့တွင် နောက်ထပ် အိမ် ၉လုံးထပ်ဖြိုရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 7.8k

သန်းသန်း
စစ်တွေ၊ ဇူလိုင် ၂၄ / ၂ဝ၁၉

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် လေးမြို့မြစ်ကမ်းပါးပြိုကျသဖြင့် ၄ ရက်အတွင်း နောက်ထပ် အိမ် ၉ လုံးကို ထပ်မံ ဖြိုဖျက်လိုက်ရသည်ဟု သတင်းရရှိသည်။

ဇူလိုင် ၁ ရက်နေ့မှ ၂ဝ ရက်နေ့ထိ ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၄၂လုံး ဖြိုဖျက်ခဲ့ရသည်။ ၎င်းနောက်ပိုင်း ဇူလိူင် ၂ဝ မှ ၂၄ ရက်နေ့ထိ နောက်ထပ် နေအိမ် ၉ လုံးကို ထပ်မံ ဖြိုလိုက်ရကြောင်း သိရသည်။

ကမ်းပါးပြိုကျ၍ နေအိမ်ဖြိုဖျက်လိုက်ရသူတစ်ဦးဖြစ်သည့် မဖြိုးဖြိုးခိုင်က “ ကျွန်မတို့က ကဏန်းဒိုင်အလုပ်ဆိုရင်လည်း နေအိမ်မှာပဲ လုပ်နေရတာ။ အကုန်လုံးက ကိုယ်နေတဲ့နေရာကို ချစ်ကြတာပါပဲ။ အခုလိုနှစ်စဉ် နှစ်တိုင်းပြိုနေတဲ့ကမ်းပါးကို သေသေချာချာလေး ဖြစ်စေချင်တယ်။ ကျွန်မတို့က အဲ့ဒီနေရာကို မှီခိုလုပ်ကိုင် စားသောက် နေကြရတာ။ ခုကကမ်းပါးပြိုတဲ့အထဲပါသွားတော့ ဘာဆက်လုပ်ရမယ်မှန်းလည်း မသိတော့ပါ” ဟု ပြောသည်။

လက်ရှိဖြိုဖျက်လိုက်ရသည့် အိမ်မှာ  စုစုပေါင်း ၅၁ လုံးရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ မင်းပြားမြို့ ကမ်းပါးပြိုရာတွင် နေအိမ်များဖြိုဖျက်ရသည့် ကိစ္စနှင့်ပတ်သတ်၍ ပြည်တော်လှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက “ ကမ်းပြိုသွားတဲ့အထဲမှာ ပါသွားတဲ့ မိသားစုတွေက နီးစပ်ရာဆွေမျိုးအိမ်တွေမှာခိုကပ်ပြီး နေတဲ့သူတွေရှိသလို ရွာအနောက်ဖက်မှာလည်း အိမ်ငှားနေကြတယ်။ ကျွန်တော်တို့ အနေနဲ့ ကတော့ ဒီကမ်းပြိုသွားတဲ့ဒုက္ခသည်တွေအတွက် ပြန်လည် ထူထောင်ပြီး နေထိုင်ဖို့အတွက် မြေနေရာ အစားထိုးချပေးစေချင်တယ်။ ရေတိုက်စားတဲ့အတွက်ကြောင့် တဖြည်းဖြည်း မြို့အင်္ဂါရပ်နဲ့ မညီ ဖြစ်လာတယ်။ အဲ့တာတွေကို သက်ဆိုင်ရာလူကြီးတွေအနေနဲ့ တတ်ကျွမ်းတဲ့ သူတွေနဲ့ နိုင်နိုင်နင်းနင်း လုပ်ပေးစေချင်တယ် ” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယခုလေးရက်တာ ကာလ အတွင်း ထပ်မံ ဖြိုဖျက်လိုက်ရသည့် နေအိမ်များမှာ ဦးစိုးတင့်ရပ်ကွက်မှ ၅ လုံး၊ ပြည်တော်သာရပ်ကွက်မှ ၁ လုံး၊ မင်းဗာကြီးရပ်ကွက်မှ ၁ လုံးနှင့် ပြည်တော်လှရပ်ကွက်မှ ၂ လုံး ဖြစ်ကြောင်း ဦးစိုးတင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသာစိန်ထွန်းက ပြောသည်။


ဦးသာစိန်ထွန်းက  “သက်ဆိုင်ရာဌာနတွေကို တင်ပြထားပေမယ့် ဘာမှပြန်လည်တန့်ပြန် မပြောဆိုသေးပါ။ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လုံးချင်းဖြိုရတဲ့သူတွေကို သုံးသိန်းကျပ်၊ တပိုင်းဖြိုရတဲ့သူတွေကို တစ်သိန်းကျပ်စီနှုန်းနဲ့ ထောက်ပံ့ပေးတာတော့ရှိတယ်။ မကြာခဏ ဒီကမ်းပြိုတဲ့ ဒဏ်ကို ခံစားနေကြရတော့ လူတွေလည်း မနေချင်ကြတော့ပါ” ဟုပြောဆိုသည်။

၄င်းကိစ္စနှင့်ပတ်သတ်၍ မင်းပြားမြို့နယ် အုပ်ချုုပ်ရေးမှူးအား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် လက်ခံ ဖြေဆိုခဲ့ခြင်း မရှိပါ။

ဆက်စပ် သတင်းများ