ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တရုတ်နိုင်ငံသားပိုင် ကျောက်ဖြူငါးမှုန့်ကြိတ်စက်ရုံ ကျောက်မီးသွေးဖြင့်လည်ပတ်၍ လွှတ်တော်ကိုယ်စားလှယ်များကန့်ကွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 7.3k

ခိုင်လင်း
နိရဥ္စရာ၊ ဇူလိုင် ၃၁/ ၂ဝ၁၉

ကျောက်ဖြူမြို့နယ်၊ ကင်းမြောက်ကျေးရွာအုပ်စု၊ ပင်လယ်နားကျေးရွာတွင် တည်ဆောက် ထားသော တရုတ်နိုင်ငံသားပိုင် ငါးမှုန့်ကြိတ်စက်ရုံအား ကျောက်မီးသွေးဖြင့် အသုံးပြု လည်ပတ်နေသဖြင့်  လွှတ်တော်ကိုယ်စားလှယ်များမှ ကန့်ကွက်ထားကြောင်းသိရသည်။

ယခုကဲ့သို့ ကျောက်မီးသွေးဖြင့်လည်ပတ်မည့် ငါးမှုန့်ကြိတ်စက်ရုံးအား ကန့်ကွက်ရခြင်းမှာ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်လာနိုင်သလို လူများကိုလည်း အန္တရာယ် ကျရောက် လာနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ကျောက်ဖြူမြို့မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကပြောသည်။

“ မနေ့ကကွင်းဆင်းပြီးသွားကြည့်တယ်။ ကျောက်မီးသွေးတွေပုံထားတာကို တွေ့ခဲ့ရတယ်။ ကျောက်မီးသွေး ကိစ္စကို ကျွန်တော်ကတော့ကန့်ကွက်တယ်။ ကျောက်မီးသွေးဆိုတာ အင်မတန်အန္တရာယ်ကြီးတဲ့အတွက် လည်ပတ်မယ်ဆိုလို့ရှိရင် ဓာတ်အားဖွင့်ရုံကတစ်ဆင့် အနီးအနား ကျေးရွာတွေကိုလည်း မီးလင်းဖို့ အခြေအနေရှိတယ်။ လျှပ်စစ်နဲ့ လည်ရင် မရဘူးလားလို့ မေးတော့ သူမှာရှိတဲ့စက်ဟာလျှပ်စစ်နဲ့လည်ဖို့ မဟုတ်ဘူးလို့ ပြောတယ်။ ကျောက်မီးသွေးနဲ့ လည်မှရတဲ့ စက်မျိုးလို့ ပြောတယ်။ စကားပြန်ကပြောတာ” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောသည်။

လျှပ်စစ်အခက်ခဲရှိနေသောဒေသမဟုတ်သဖြင့် ကျောက်မီးသွေးဖြင့် လည်ပတ်မည့်စက်ရုံအား ကန့်ကွက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ ကျောက်မီးသွေးရဲ့ဆိုကျိုးကို တစ်ကမ္ဘာလုံးကသိတာပဲ။ ကျောက်မီးသွေးရဲ့ ဆိုးကျိုး ၁၃ မျိုးရှိတာအားလုံးသိတယ်။ စက်ရုံဆောက်မယ်ဆိုရင်နိုင်ငံခြားသားဟာ ဥပဒေအရမြေပိုင်ဆိုင်ခွင့် မရှိဘူး။ မြေပိုင်ဆိုင်ရရှိအောင် ဘယ်လိုလုပ်ထားလဲဆိုတာ မသိဘူး။ မနေ့က မြေစာရင်းဦးစီးကို မေးကြည့်တော့ အရင်ဦးစီးလက်ထက်ကတည်းက မြေပိုင်ဆိုင်မှုရထားပြီလို့ ပြောတယ်” ဟု ကျောက်ဖြူမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကပြောသည်။

အဆိုပါ မြေပိုင်ဆိုင်မှုကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်များနှင့်သာသက်ဆိုင်ပြီး မြေစာရင်းဦးစီးဌာနှင့် မဆိုင်ကြောင်း မြေစာရင်းဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက “ စီမံကိန်းတစ်ခု လုပ်မယ်ဆိုရင် ပြည်သူကိုရှင်းရှင်းလင်းချပြဖို့လိုတယ်။ ဖြစ်နိုင်ခြေတွေကို ပြည်သူကို ချပြဖို့ လိုပါတယ်။ ကျောက်မီးသွေးနဲ့ပတ်သက်တဲ့ အရာတွေက အများကြီး ပြောစရာ ဆိုစရာ တွေရှိတယ်။ နိုင်ငံတကာမှာလည်း ကျောက်မီးသွေးနဲ့လုပ်တာတွေ အတတ်နိုင်ဆုံး လျှော့ချနေတာတွေ့ရတယ်။ သုံးတဲ့နိုင်ငံတွေလည်းရှိတယ်။ ပတ်ဝန်းကျင်းကို မထိခိုက်အောင် ကောင်းတဲ့နည်းပညာတွေလည်းရှိတယ်။ ပြည်သူကို ပွင့်လင်းမြင်သာစွာနဲ့ ဒီဟာရဲ့ အကျိုးအမြတ်က ဘာရှိမယ်။  နစ်နာမှုကဘာရှိတယ်ဆိုတာကို ပြည်သူကိုချပြရမယ်။ ပြည်သူအဖွဲ့အစည်းတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ အားလုံးနဲ့ပွင့်လင်းမြင်သာ ချပြပြီးမှ အကောင်ထည်ဖော်တာတွေလုပ်သင့်တယ်လို့မြင်တယ်။” ဟု ပြောသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ ကျောက်မီးသွေးနဲ့ လည်ပတ်မယ်ဆိုရင်တော့ ကျွန်တော်တို့အမြင်ကတော့ ဒီလောက်သဘာဝ ဂတ်စ်ထွက်နေတာမှာ မီးကိုအလွယ်တကူယူလို့ ရလျှက်နဲ့ ဒါကတော့ မဖြစ်သင့်လို့ မြင်တယ်။” ဟု ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ စက်ရုံတည်ဆောက်ထားသော အနီးအနားရှိကျေးရွာများမှ ကန့်ကွက်ခြင်း မရှိကြောင်း ကျောက်ဖြူမြို့နယ် ကင်းမြောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းကျော်ဌေးက ပြောသည်။

အဆိုပါ  ကျောက်မီးသွေးဖြင့်လည်ပတ်မည့် ငါးမှုန့်ကြိုက်စက်ရုံးအား ယမန်နေ့ ဇူလိုင် ၃ဝ ရက်နေ့က ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက် ဦးဆောင်သောအဖွဲ့ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။

ဆက်စပ် သတင်းများ