ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ချောင်းဖျားမိုးကြောင့် သံတွဲမြို့ပြင် ရပ်ကွက်အချို့ရေနစ်မှုများ ဖြစ်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 9.6k

သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၆/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ချောင်းဖျားမိုးရွာမှုကြောင့် မြို့အစ ရပ်ကွက်အချို့ ရေကြီး ရေနစ်မှုများရှိနေသည်ဟု သတင်းရရှိသည်။

လက်ရှိရေကြီးနေသည့် ရပ်ကွက်များမှာ ညောင်ပင်စျေးရပ်ကွက်၊ သမုတ်ချောင်းရပ်ကွက်၊ ဂူကြီးခုံရပ်ကွက်တို့ ဖြစ်ကြောင်း မြို့ခံများပြောပြချက်အရ သိရသည်။

မြို့ခံတစ်ဦးက “မြို့ထဲမှာတော့ မကြီးသေးဘူး။ မြို့အစရပ်ကွက်တွေမှာတော့လမ်း ရေတက် နေတယ်။ ရေကအဲ့ဒီမှာ ခါးနီးပါးရောက်နေတာပေါ့။ ပုံမှန်ကြီးတဲ့ အဆင့်ထိတော့ မရောက် သေးဘူး။ ဒါနဲ့ ဘာတစ်ခုစိုးရိမ်ရလည်း ဆိုတော့ ဒီရေမတက်တဲ့ အပတ်ဖြစ်နေတဲ့ အတွက်ကြောင့်လေ  ဒီနေ့က ၆ရက်ပဲ ရှိသေးတယ်။ ၆ရက်ပဲရှိသေးတယ်ဆိုတော့  ၁၁ ရက် မကျော်ခင် ဒီရက်ပိုင်းမိုးကြီးမယ် တအားမိုးများမယ်ဆိုရင်တော့ စိုးရိမ်စရာတော့ရှိပါတယ်” ဟုပြောသည်။

ချောင်းဖျားမိုးရွာသွန်းပြီး လေမုန်တိုင်း အငွေ့အသက်ကြောင့် လေတိုက်ကာ ချောင်းရေ မကျနိုင်ခြင်းဖြစ်ကြောင်း၊ အကယ်၍ လေမုန်တိုင်းတိုက်ပြီး မိုးရွာပါက စိုးရိမ်စရာ အခြေအနေ ဖြစ်လာနိုင်ကြောင်း၊ လက်ရှိတွင် ရပ်ကွက်အချို့ ရေတက်နေသော်လည်း စိုးရိမ်စရာမရှိကြောင်း သံတွဲမြို့ ညောင်ပင်စျေး ရပ်ကွက်မှ ကို ဇော်မင်းထွန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“အခုလက်တလောမှာတော့ ရပ်ကွက်လမ်းတွေ ရေတွေတက်နေတယ်ဆိုတော့ ပြောင်းထား သင့်တာတွေကိုတော့ ကုန်းမြင့်တွေကို ပြောင်းထားကြတယ်။ ကားတွေပါတွေ၊ ကျွဲ၊ နွား၊ ဝက်များကို ကုန်းမြင့်တွေကို ပြောင်းနေကြတာတော့ရှိတယ်။ ရေက နင်လား ငါလား ကြီးတာ မျိုးတော့ မဟုတ်သေးဘူး။ လေမုန်တိုင်းတွေ တိုက်ပြီး မိုးရွာရင်တော့ အခက်အခဲတွေ ဖြစ်လာ နိုင်တယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးလည်း ကျနော်တို့ ကြိုတင်ပြင်ဆင်မှုတွေ ဘာမှ လုပ်ထားတာ မရှိသေးဘူး” ဟု ကိုဇော်မင်းထွန်းက ပြောသည်။

ယခုနှစ်တွင် ယခင်နှစ်များကထက် ရေကြီးမှုမရှိကြောင်း၊ ဆက်လက်ပြီး ချောင်းတွင် ရေလမ်းကြောင်း လွှဲပေးမည့်နေရာ မရှိသည့်အတွက် စိုးရိမ်ရကြောင်း၊ ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်း ရေကြီးနေလျှင် မြို့ပျက်စီးနိုင်ကြောင်း၊ ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ရေလမ်းကြောင်းများ တူးဖော်ပေးလျှင် အဆင်ပြေလာနိုင်ကြောင်း သံတွဲမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် သံတွဲမြို့ပေါ် ရပ်ကွက်အချို့ရေကြီးနေသည့် သတင်းနှင့်ပတ်သက်ပြီး သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းအား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ သူက ပုံမှန်အတိုင်း ရေဝင်ခြင်းသာဖြစ်ကြောင်း၊ ချောင်းရေအနည်းငယ်မြင့်လာသည့်အတွက် အနိမ့်ပိုင်း ရပ်ကွက် တချို့တွင် ရေနည်းငယ်ဝင်ခြင်းသာဖြစ်ကြောင်း၊ ရေကြီးခြင်းမရှိဟု ပြောသည်။

ဆက်စပ် သတင်းများ