သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဗြိတိသျှတို့ကို တော်လှန်ခဲ့သူ မင်းသားကြီးရွှေဘန်းအုတ်ဂူသို့ ရခိုင်စာပေသမားများသွားရောက်ဂါရဝပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.5k

အောင်လင်းထွန်း
နိရဥ္စရာ၊ ဇန်နဝါရီ ၂၂/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပွဲကြည့်တောင်ရှိ ဗြိတိသျှနယ်ချဲ့တို့အား တော်လှန်တိုက်ပွဲဝင်ခဲ့သည့် ရခိုင်မင်းမျိုးမင်းနွယ် တစ်ဦးဖြစ်သူ မင်းသားကြီးရွှေဘန်း၏ အုတ်ဂူကို မြို့နယ်လေးခုမှ ရခိုင်စာပေသမား ၅ဝခန့်မှ ဇန်နဝါရီလ ၁၉ ရက်နေ့က သွားရောက်ဂါရဝပြုခဲ့ကြသည်ဟု သတင်းရရှိသည်။

ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်သည့် လေးဝတီ ထွန်းစောခိုင်က “ ကျွန်တော်တို့ အဓိက ရည်ရွယ်တာက မင်းသားကြီး ရွှေဘန်းဟာ အင်္ဂလိပ် နယ်ချဲ့ အစိုးရကို တော်လှန်တဲ့အတွက် ဒက္ကားထောင်မှာ အကျဉ်းကျခံနေစဉ်မှာ အစာငတ်ခံပြီး ကွယ်လွန်ခဲ့ရတယ်။ သူမှာခဲ့အတိုင်း သူရဲ့ အရိုးပြာကို ဒက္ကားကနေ စစ်တွေကို ယူလာပြီး ဒီ ကျွန်းပေါ်က ပွဲကြည့်တောင်မှာ အုတ်ဂူလုပ်ပြီး အထိမ်းအမှတ်ပြုလုပ်ထားတယ်။ ဒီလို တိုင်းပြည်နဲ့ လူမျိုး အတွက် အသက်ပေးသွားခဲ့တဲ့ ခေါင်းဆောင်တွေကို အမှတ်ရစေချင်တာရယ်၊ သူရဲ့ သမိုင်းကို ဖော်ထုတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ သွားဖြစ်ကြတာပါ။ ပီးရင် စာပေသမားတွေရဲ့ စည်းလုံးမှု ချစ်ခင်မှုတွေကိုလည်း ဒီလိုနေရာတွေကို သွားရင်းက ပိုပြီး ရရှိနိုင်တယ်လို့ ယုံကြည် မျှော်လင့်တဲ့ အတွက်လည်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ခရီးစဉ်တွင် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏာကျွန်း မြို့နယ်လေးခုမှ ရခိုင်စာပေသမားများ ၅ဝ ခန့် ပါဝင်ခဲ့ပြီး ကဗျာများကိုလည်း ရွတ်ဖတ်ခဲ့ကြသည်ဟု သိရသည်။

၎င်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် သမိုင်းသုတေသီ ဆရာတော် ရမ္မာဝတီအရှင် ဦးပညာစာရက  “ အင်္ဂလိပ် နယ်ချဲ့တို့ ကို တော်လှန်ခဲ့တဲ့ မင်းသားကြီး ရွှေဘန်း၊ ဒေးဝန်းအောင်ကျော်ရွှီနဲ့  မြို့သူကြီး အောင်ကျော်ဇံ တို့ဟာ အင်္ဂလိပ် အစိုးရရဲ့ ဖမ်းဆီးခံခဲ့ရပြီး ဒက္ကားထောင်ထဲမှာ ချုပ်နှောင်ခံခဲ့ရတယ်။ အဲဒီ အထဲမှာ မင်းသားကြီး ရွှေဘန်းဟာ ထောင်ထဲမှာအစာငတ်ခံပြီး ၄၁ ရက် မြောက်နေ့မှာ ထောင်ထဲမှာ ကွယ်လွန် အနိစ္စရောက်ခဲ့တယ်။ သူရဲ့ မှာတမ်းအရ သူရဲ့အရိုးပြာကို ဒီပွဲကြည့်တောင်မှာ  အထိမ်းအမှတ်အဖြစ် စေတီလိုပြုလုပ်ပြီး ဂုဏ်ပြု ထားတာဖြစ်ပါတယ်။ ဒါကို သိစေချင်တယ်။ အမှတ်တရ ရှိကြစေချင်ပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ရခိုင်စာပေသမား ၅ဝ ခန့်သည် မင်းသားကြီးရွှေဘန်း၏ အရိုးပြာအုတ်ဂူရှိရာ တောင်ပေါ်ထိ တက်ခဲ့ကြပြီး အမွေးတိုင် ဆီးမီးတိုင်ထွန်းညှိကာ ဂါရဝပြုခဲ့ကြသည်ဟု သိရသည်။ 

----------------------------- 

မင်းသားကြီးရွှေဘန်း သမိုင်း (အကျဉ်း)

၁၈၂၄ ခုနှစ်တွင် ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပွားခဲ့ရာ မြန်မာတို့ ရှုံးနိမ့်ခဲ့သည်။ ၁၈၂၆ ခုနှစ်ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ တွင် ရန္တပိုစာချုပ် ကို ချုပ်ဆိုခဲ့သည်။ ထိုရန္တပိုစာချုပ်အရ ရခိုင်ပြည်သည် မြန်မာပဒေသရာဇ် အင်ပါယာ လက်အောက်မှ အင်္ဂလိပ် အရှေ့အိန္ဒိယကုမ္ပဏီလက်အောက်သို့ ကျရောက်ခဲ့ရသည်။ ထိုသို့ကျရောက်ပြီး နှစ်အတန်ကြာအောင် ရခိုင်ဒေသသည် မငြိမ်မသက်ရှိခဲ့သည်။ ဗြိတိသျှတို့ အုပ်ချုပ်ရေး တည်ထောင်ပြီး (၂) နှစ်ခန့်အကြာတွင် ရခိုင်မင်းမျိုးမင်းနွယ်များ ဦးစီးပြီး ဗြိတိသျှနယ်ချဲ့သမားများကို တော်လှန်ခဲ့ကြသည်။ ယင်းတော်လှန်ရေးကို ဒေးဝန်ကြီး “အောင်ကျော်ရွှီ” မြို့သူကြီး အောင်ကျော်ဇံနှင့် မင်းသားကြီး”ရွှေဘန်း” တို့က ဦးဆောင်ခဲ့ကြသည်။

ထိုပုဂ္ဂိုလ်များသည် သူ့ကျွန်မခံလိုသောစိတ် မိမိအမျိုးသားများကို လွတ်မြောက်လိုသောစိတ်၊ ကိုယ့်ထီး ကိုယ့်နန်းကို ပြန်လည် ထူထောင်လိုသောစိတ်နှင့် အမျိုးသားဇာတိသွေးဇာတိမာန်ဖြင့် ၁၈၂၇ ခုနှစ်တွင်ဗြိတိသျှ တို့ကို တော်လှန်ခဲ့ကြသည်။

သို့ရာတွင် အမျိုးသားသစ္စာဖေါက်တို့၏ ကြံစည်မှုကြောင့် အဖမ်းအဆီးများခံရပြီး၊ မင်းသားကြီးရွှေဘန်းမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ဒေးဝန်ကြီးနှင့် မြို့သူကြီးတို့မှာ ထောင်ဒဏ်များ အသီးသီးကျခံရသည်။ မင်းသားကြီးသည် အကျဉ်းကျခံနေစဉ် အစာငတ်ခံ ဆန္ဒပြခဲ့သည်။ ယင်းသို့ ဆန္ဒပြ၍ (၄၁)ရက်မြောက်နေ့တွင် ဘဝတပါးသို့ ပြောင်းသွားခဲ့ရသည်။

မင်းသားကြီးသည် သေအံ့မူးမူး အချိန်တွင် ထောင်နံရံတွင် သွေးဖြင့်ရေးသောရတုဖြင့် နောင်လာ နောက်သား ရခိုင်ပြည်သားများကို မှာကြားခဲ့သည်။

၎င်းရတုမှာ ……….

မင်းသားအမှန် ငါလျှင်ကြံက
နိူင်ငံရပ်စည် တိုင်းပြည်အတွက်
ကိုယ့်အသက်ကို ရက်ရက်စွန့်ခွာ
ကုလားရွာ၌ ခန္ဓာရုပ်ဟောင်း
ဘဝပြောင်းခဲ့ ဖြစ်ကြောင်းသံသရာ
သတ္တဝါတို့ မှန်စွာမချွတ်
သူမသတ်လည်း မလွတ်တစ်ခါ
သေအ့ံရာတည်း။
ကမ္ဘာမကြေ သူတိုတွေလည်း
အတည်မစိုး ငါမြေထိုးသော်
အရိုးတစ်ခါ တွန်လိမ့်ရာ၏။
နောင်လာနောင်လူ ရခိုင်သားတို့
အယူမပြောင်း ငါ့လမ်းကြောင်းကို
ကောင်းကောင်းလိုက်နာ တိုင်းဓညာကို
တစ်ခါမုချ ငါတို့ရအံ့
လုံးလရှေ့သန် လူလျှင်ကြံက
နိဗ္ဗာမချွတ် လက်ဝါးခတ်သည်
စွဲမှတ်ဤစာ သေတမ်းစာတည်း။

အောင်ကောင်းမွန်/ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်/ (ရခိုင်လူအဖွဲ့အစည်း၏ အမျိုးသားရေးလှုပ်ရှားမှုနှင့် ပြည်ထောင်စု အရေး အပိုင်း(၁) မှ ကောက်နှုတ် ဖော်ပြသည်။

-----------------------

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ ၂၂/ ၂ဝ၂ဝ






----------------------------- 






၎င်းငျးရတုမှာ ……….

ကိုယျ့အသကျကို ရကျရကျစှနျ့ခှာ
ကုလားရွာ၌ ခန်ဓာရုပျဟောငျး
ကမ်ဘာမကွေ သူတိုတှလေညျး


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!